
- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
ခါတွမ်၊ ဩဂုတ် ၂၅
နှစ်ပေါင်း ၂၅ နှစ်အတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှု၏ နောက်ဆုံး လက္ခဏာအဖြစ် ဆူဒန် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သည် ဩဂုတ် ၂၄ ရက်တွင် ဆူဒန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဂျာဇီး ယား သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သည် ဆူဒန်အား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသည့် နိုင်ငံများစာရင်းမှ ဖယ်ရှားပေးပြီးနောက် ယခု သံအမတ်အဆင့် ပြန်လည်ထားရှိခြင်း ဖြစ်သည်။
သမ္မတဟောင်း အိုမာအယ်လ်ဘာရှား (Omar al-Bashir) အစိုးရလက်ထက်တွင် အမေရိကန်နှင့် ဆူဒန်တို့ အကြား ဆက်ဆံရေးတင်းမာခဲ့သည်။ သမ္မတဟောင်း ဘာရှား အာဏာရှိနေစဉ်အတွင်းမှာပင် အမေရိကန်သည် ခါတွမ်း အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု များ ချမှတ်ခဲ့သည်။
သမ္မတဟောင်း အိုမာအယ်လ်ဘာရှား (AP)
အယ်လ်ကိုင်းဒါးကွန်ရက်ကို တည်ထောင်သူ အိုစမာဘင်လာဒင်သည် ဆူဒန်နိုင်ငံတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ် အတွင်း နေထိုင်ခဲ့ပြီး အမေရိကန်က ဆူဒန်အပေါ် အကြမ်းဖက်ဝါဒ အားပေးကူညီသည့် နိုင်ငံစာရင်းထဲသို့ ၁၉၉၃ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။
“အခုလို ဆူဒန်ကို ရောက်လာရတာ ဝမ်းသာပါတယ်။ အမေရိကန်နှင့်ဆူဒန်အကြား ဆက်ဆံရေးကို ထဲထဲဝင်ဝင် ဖြစ်အောင် လုပ်ဖို့နဲ့ ဆူဒန်ပြည်တွေရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လိုလားချက်တွေကို ပံ့ပိုးဖို့ မျှော်မှန်းထားပါတယ်” ဟု အမေရိကန်သံအမတ်အသစ် ဂျွန်ဂေါ့ဖရေး (John Godfrey) က ဩဂုတ် ၂၄ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ဂျွန်ဂေါ့ဖရေးသည် ငြိမ်းချမ်းမှုနှင့်လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့နှင့် သက်ဆိုင်သည့် ဦးစားပေးကဏ္ဍများကို မြှင့်တင်သွားနိုင်ရန် မျှော်မှန်းပါကြောင်း အမေရိကန်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဆူဒန်စစ်တပ်အကြီးအကဲ အေဘယ်ဖာတာအယ်လ်ဘာဟန် (AP)
ဆူဒန်ပြည်တွင်း၌ မငြိမ်သက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး စီးပွားရေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေချိန် ဂေါ့ဖရေး ရောက်ရှိလာခြင်း ဖြစ်သည်။
ဆူဒန်တွင် စစ်တပ်အကြီးအကဲ အေဘယ်ဖာတာအယ်လ်ဘာဟန် (Abdel Fattah al-Burhan) အာဏာသိမ်းခဲ့ပြီး နောက် အပြင်းအထန် ဒုက္ခရောက်ခဲ့ရသည်။
ယခင် သမ္မတဟောင်း ဘာရှားအစိုးရကို ဖယ်ရှားပြီး ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလာဟမ်းဒေါ့ (Abdalla Hamdok) ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ဝါရှင်တန်နှင့်ခါတွမ်းတို့ ဆက်ဆံရေးမှာ ပြေလျော့ လာခဲ့သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် သမ္မတ ဘာရှား ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် ဟမ်းဒေါ့က ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 766
CNI International News
အစ္စလာမ္မာဘတ်၊ ဩဂုတ် ၂၄
မထီမဲ့မြင်ပြုမှု စွဲချက်များကို ထုချေရှင်းလင်းရန်အတွက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို လာမည့် သီတင်းပတ် တွင် ရုံးတော်ကိုလာရောက်ရန် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်တရားရုံးက ဩဂုတ် ၂၄ ရက်၌ ဆင့်ခေါ်လိုက် ကြောင်း အေပီသတင်းအရ သိရသည်။
အစ္စလာမ္မာဘတ်မြို့တော်တွင် လူစုလူဝေး တားမြစ်ချက်ကို ဖီဆန်၍ မထီမဲ့မြင်ပြုသည့် စွဲချက်ဖြင့် အီမရန်ခမ်း အပေါ် ရဲတပ်ဖွဲ့က နောက်ထပ် အမှုဖွင့်ခဲ့သည်။
နောက်ဆုံး ဖြစ်ပေါ်နေသည့် အခြေအနေများအရ လူစုလူဝေးပွဲများ စီစဉ်လျက် အာဏာပြန်လည်ရရှိရန် ကြိုးပမ်း နေသည့် အီမရန်ခမ်းအပေါ် ပါကစ္စတန်အစိုးရက ဖိအား တိုးမြှင့်နေကြောင်း တွေ့ရှိရသည်။
သီးခြား ဖြစ်စဉ်တစ်ခုမှာ ပါကစ္စတန်၏မြို့တော် အစ္စလာမ္မာဘတ်ရှိ ခမ်း၏ အနီးကပ် လက်ထောက်ဖြစ်သူ ရှာဘတ်ဂီးလ်၏တိုက်ခန်းကို ရဲတပ်ဖွဲ့က ညတွင်းချင်း ဝင်ရောက်စီးနင်း၍ ၎င်းကို စစ်ဆေးမေးမြန်းရန် လက်ထိပ် ခတ် ခေါ်ဆောင်သွားခဲ့သည်။
အစ္စလာမ္မာဘတ်တရားရုံး (GETTY IMAGES)
ခမ်း(အီမရန်ခမ်း)အပေါ် စွဲချက်တင်ထားမှုကို ဩဂုတ် ၃၁ ရက်တွင် အစ္စလမ္မာဘတ်မြို့ရှိ တရားရုံးချုပ်ရှေ့မှောက် တွင် စီရင်ချက် ချမည်ဖြစ်သဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရသူသည် ပါကစ္စတန်ဥပဒေအရ အစိုးရအဖွဲ့၏ မည်သည့် ရာထူးကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့၍ နိုင်ငံရေးလောကမှ ရာသက်ပန် အပြီးအပိုင် ကျောခိုင်းရ မည် ဖြစ်သည်။
ခရစ်ကတ် အားကစားသမားဟောင်း တစ်ဦးဖြစ်သည့် ခမ်းသည် အစ္စလာမ္မစ်နိုင်ငံရေးသမားအဖြစ် ပြောင်းလဲ လာချိန်၌ မထီမဲ့မြင်ပြုသည့် စွဲချက်များနှင့် ယခုရင်ဆိုင်ရခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။
၁၉၉၃ ခုနှစ် ရွေးကောက်ပွဲ အပြီးကလည်း တရားစီရင်ရေးမဏ္ဍိုင်၏ လုပ်ရပ်အရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မသေချာကြောင်း အီမရန်ခမ်း ဝေဖန်ခဲ့သဖြင့် တရားရုံးချုပ်အနေဖြင့် ထိုစဉ်က ဆင့်ခေါ်ခဲ့ ဖူးသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောက်ခံသူများ (AP)
“ခမ်း၏အဖွဲ့သည် တရားရုံးမှ ဆင့်ခေါ်စာများကို စိစစ်မည်ဖြစ်သော်လည်း ၎င်းတို့၏အမြင်အရ အစ္စလာမ္မာဘတ် တရားရုံးချုပ်သည် ခမ်းအပေါ် ရုံးတော်အား မထီမဲ့မြင်ပြုမှုဖြင့် စစ်ဆေးစီရင်ရန် အခွင့်အာဏာမရှိကြောင်း” ခမ်း၏ အတိုက်အခံပါတီဖြစ်သည့် သီးရက်အီအင်ဆက်ဖ် (Tehreek-e-Insaf) ပါတီမှ ထိပ်တန်းခေါင်းဆောင် ဖာဝပ် ချောင်ဒရီက အေပီသို့ ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အာဏာရလာခဲ့ပြီး ယခုနှစ် ဧပြီလ၌ လွှတ်တော်တွင် အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်၍ ဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို တရားရုံးချုပ်က ပြစ်မှုထင်ရှားကြောင်း စစ်ဆေးစီရင်ခဲ့လျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ညီမျှသော ထောင်ဒဏ်ကို လပေါင်းများစွာမှ ၁၄ နှစ်အထိ ကျခံရနိုင်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1738
CNI International News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လက်ရှိရာထူးတာဝန်မှ ဆိုင်းငံ့ရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၅ မဲ-၄ မဲဖြင့် ဆုံးဖြတ်လိုက်ကြောင်း ဩဂုတ် ၂၄ ရက် (ယနေ့) မွန်းလွဲပိုင်း၌ ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
ဝန်ကြီးချုပ်၏ ၈ နှစ်သက်တမ်းအတွက် စီရင်ဆုံးဖြတ်ပေးပါရန် တောင်းဆိုသည့် အသနားခံ(အယူခံ)လွှာကို လက်ခံခဲ့ပြီးနောက် တရားရုံးက အထက်ပါတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ အသနားခံစာကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်က တရားရုံးထံသို့ ပေးပို့ခဲ့သည်။
ဒုတိယဝန်ကြီးချုပ် ဝစ်စနုကရီဂမ်က “ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆိုင်းငံ့လိုက်ရင်တော့ လက်ရှိ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယွတ် ကတော့ ကာကွယ်ရေးဝန်ကြီးတာဝန် ဆက်ယူထားလိမ့်မယ်” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်ကိုတွေ့ရစဉ် (GETTY IMAGES)
ထိုင်းနိုင်ငံအစိုးရဖွဲ့စည်းပုံတွင် ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ ခန့်အပ်ထားသည်။
အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများလည်း ပုံမှန်အတိုင်း ဆက်လက် ထမ်းဆောင်ရန် လိုအပ်ကြောင်း ဝစ်စနုကရီဂမ်က အလေးပေး ပြောကြားခဲ့သည်။
“တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ အရာရှိတိုင်းဟာ ရာဇသတ်ကြီးကျင့်ထုံးဥပဒေ ၁၅၇ ကို ဖောက်ဖျက်တာ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ အရ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းသည် ၈ နှစ်သာဖြစ်သော် လည်း ဗိုလ်ချုပ်ကြီးပရာယွတ်၏ သက်တမ်း တရားဝင် ကုန်ဆုံးချိန်တွင်တော့ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် လာခဲ့သည်။
Source: Bangkok Post

- By CNI News
- Category: နိုင်ငံရေး
- Hits: 1162
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၃
ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများမတိုင်မီ ထိုင်းအာဏာပိုင်များက ဩဂုတ် ၂၃ ရက် တွင် မြို့တော်ဘန်ကောက်အတွင်း လုံခြုံရေး တိုးမြှင့်ချထားပြီး တရားရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ် မှတ်သည့် ဝန်ကြီးချုပ်၏ ၈ နှစ်တာ ရာထူးသက်တမ်းကို ဆွဲဆန့်ရန် အသနားခံစာ တင်ဖို့ စဉ်းစားနေသည်။
၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် စစ်အာဏာသိမ်းမှုတွင် ဦးဆောင် အာဏာသိမ်းခဲ့သော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နုတ်ထွက်သင့်သည်ဟု စစ်တမ်း တစ်ခုတွင် မေးမြန်းခဲ့သည့် ထိုင်းလူမျိုး သုံးပုံနှစ်ပုံနီးပါးက သဘောထားပေးခဲ့ကြသည်။
အသက် ၆၈ နှစ်ရှိ ပရာယွတ်သည် အမျိုးသမီးဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချရန်အတွက် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့စဉ်က စစ်တပ် အကြီးအကဲဖြစ်ခဲ့သည်။
စစ်တပ်က ပြင်ဆင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအရ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီး ၎င်းမှာ အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Reuters)
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၁၅၈ တွင် ဝန်ကြီးချုပ်ရာထူး သက်တမ်းကို ၈ နှစ် (၂ ကြိမ်ဆက် အနိုင် ရသည့်အထိ တာဝန်ယူခွင့်ပြုခြင်း)အထိသာ တာဝန် ထမ်းဆောင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက် အာဏာသိမ်းမှုမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄ ရက်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်မှာ ၈ နှစ်ပြည့်ပြီး ဖြစ်၍ ပုဒ်မ ၁၅၈ အရ သက်တမ်း ပြည့်ပြီးဖြစ်သည်။
ထိုသို့ သက်တမ်းပြည့်သွားပြီဖြစ်၍ ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ဖြစ်လာခဲ့သလို ထိုင်းတရားရုံးက မည်သို့ ဆုံးဖြတ်မလဲဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ထိုင်းနိုင်ငံရေးသမားတချို့ကတော့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့သော သက်တမ်း ၄ နှစ်ကို ထုတ်နုတ်လိုက်ပါက ရွေးကောက်ပွဲကနေ တာဝန်ယူသည့် ဝန်ကြီးချုပ်ရာထူးမှာ ၄ နှစ်သာ ရှိဦးမည်ဖြစ်၍ ဆက်လက် တာဝန်ယူနိုင်သော ထွက်ပေါက် တစ်ခုရှိနေသည်ဟု ဆိုကြသည်။
Source: Reuters

- By CNI
- Category: နိုင်ငံရေး
- Hits: 729
CNI International News
မော်စကို၊ ဩဂုတ် ၂၃
မော်စကိုသည် ဘဲလ်ဂရိတ်(ဆားဘီးယားအစိုးရ)နှင့် ကိုဆိုဗိုတို့အကြား ခိုင်မာပြီး နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော ဖြေရှင်းချက်တစ်ခု တောင်းဆိုကြောင်း ဩဂုတ် ၂၂ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ (Sergey Lavrov) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြသည်။
ကိုဆိုဗိုအပေါ် ရုရှားရပ်တည်ချက်မှာ မပြောင်းလဲဘူးဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ထပ် လောင်း ပြောကြားခဲ့သည်။
မော်စကိုမြို့တော်သို့ အလည်အပတ် ရောက်ရှိနေသော ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗူလင် (Alexksandar Vulin) နှင့် တွေ့ဆုံစဉ် လာဗရော့က အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ်နဲ့ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (GETTY IMGAES)
“ကိုဆိုဗိုနဲ့ပတ်သက်လာရင် ရုရှားရဲ့ရပ်တည်ချက် မပြောင်းလဲပါဘူး။ ဒါကို သမ္မတ ဗလာဒီမာပူတင်ကလည်း ထပ်တလဲလဲ ပြောနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ ကို အခြေခံပြီးတော့ ဘဲလ်ဂရိတ်(ဆားဘီးယား)နဲ့ ပရစ်တီနာ(ကိုဆိုဗို)တို့အကြား ခိုင်ခိုင်မာမာနဲ့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အဖြေ တစ်ခုကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု လာဗရော့က ပြောကြားခဲ့သည်။
“ထုံးစံအတိုင်း ဒီအဖြေရလာဖို့က ပထမဆုံးအနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုရမှာ ဖြစ်ပါတယ်။ ဆာ့ဘ်လူမျိုးတွေ လက်ခံနိုင်မယ့် အဖြေတစ်ခုဆိုရင် ကျနော်တို့လည်း လက်ခံမှာပါ။ ဒီလို ရလဒ် ထွက်လာဖို့က ကျနော်တို့ရဲ့ ဆားဘီးယားမိတ်ဆွေကို ဘက်စုံထောင့်စုံကနေ ကူညီပေးဖို့ အသင့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ် (Alexksandar Vucic) နှင့် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) တို့ကို ဥရောပသမဂ္ဂ (EU) က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများမှာလည်း တိုးတက်မှုမရှိကြောင်း လာဗရော့က မှတ်ချက်ချခဲ့သည်။
“EU ကြားဝင် စေ့စပ်မှုနဲ့အတူ ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ်နဲ့ ဘရပ်ဆဲလ်မြို့မှာ နောက်ဆုံး ဆွေးနွေးပွဲ ရလဒ်တွေ ကျနော်တို့ သိထားပါတယ်။ အခု ကိုဆိုဗို မြောက်ပိုင်းမှာ တင်းမာမှု ရှိနေတုန်းပါ။ ဒီတော့ လက်ရှိ သဘောတူညီချက်တွေအပေါ် နောက်ပြန်ဆုတ်နေပါတယ်” ဟု ၎င်းက မှတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
UE ၏ ကြား၀င်စေ့စပ်မှုနဲ့ ဆားဘီးယား၊ ကိုဆိုဗို ဆွေးနွေးပွဲ (GETTY IMAGES)
ရုရှားနှင့် EU နိုင်ငံများ ပါဝင်သည့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အတွင်းရှိ အခြေခံမူ အားလုံး ပျက်ပြားစေရန်အတွက် ရည်ရွယ်လုပ်ဆောင်သည့် အနောက်အုပ်စု မူဝါဒကြောင့် ထိုသို့ နောက်ပြန် ဆုတ် ရခြင်းဖြစ်ကြောင်း လာဗရော့၏ အဆိုအရ သိရသည်။
OSCE ၏ အခြေခံမူများသည် ခွဲခြားခြင်း မရှိဘဲ တန်းတူညီမျှသော လုံခြုံရေးကို မျှော်မှန်းထားပြီး ရုရှားနှင့် ဆားဘီးယားတို့ကလည်း ထိုမူများကို ကတိပြုပြီးဖြစ်ကြောင်း လာဗရော့က ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗူလင်ကို တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ဒီလိုအခြေခံမူနဲ့ ချဉ်းကပ်မှုတွေကို ကျနော်တို့ အတိအလင်း တောင်းဆိုသွားမှာပါ။ အနောက်အုပ်စုနိုင်ငံတွေက သူတို့ ကတိတာဝန်တွေကို ချိုးဖောက်ပြီး ဘော်လကန်ဒေသနဲ့ ယူကရိန်းမှာ နှိုးဆွတဲ့လုပ်ရပ်တွေ ဆက်လုပ်နေ ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ထုတ်ဖော်ပြောကြားခဲ့သည်။
Source: တာ့စ်သတင်းဌာန

- By CNI
- Category: နိုင်ငံရေး
- Hits: 797
CNI International News
တိုင်ပေ၊ ဩဂုတ် ၂၃
ပြီးခဲ့သည့် ဆယ်စုနှစ် ၆ ခုက တရုတ်စစ်တပ်၏ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်ရှိ ကမ်းလွန်ပင်လယ်ပြင် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရသဖြင့် ယနေ့ထက်တိုင် အမိမြေကို ကာကွယ်ရန် သန္နိဋ္ဌာန်မှာ ခိုင်မြဲစွာ တည်တံ့နေကြောင်း သမ္မတဆိုင်အင်ဝမ်က ပြောသည်။
ကျွန်းပေါ်သို့ အလည်အပတ်ရောက်ရှိနေကြသည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတဆိုင်အင်ဝမ်က ယနေ့(ဩဂုတ် ၂၃ ရက်)တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ရေးသားထားသည်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ တိုင်ပေမြို့တော်သို့ လာရောက်ပြီးနောက် ထိုင်ဝမ်နှင့်တရုတ် ပြည်မကြီးတို့အကြား တင်းမာမှုများ တိုးလာခဲ့သည်။
ထိုင်ဝမ်ကို တရုတ်က ၎င်း၏ အချုပ်အခြာအာဏာပိုင် နယ်မြေအဖြစ် ရှုမြင်ထားရာ ကျွန်းပေါ်သို့ အမေရိကန် ထောက်ခံမှု အင်အားကောင်းလာခြင်းကို ဒေါသတကြီး ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
အမေရိကန်ကိုယ်စားလှယ်များနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်
တိုင်ပေမြို့တော်ရှိ စတန်းဖို့ဒ်တက္ကသိုလ်၊ ဟူဗားသိပ္ပံကျောင်းတွင် ယခင် အမေရိကန် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ဖူး သည့် အရာရှိဟောင်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာ၌ သမ္မတ ဆိုင်အင်ဝမ်က “၁၉၅၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ခဲ့သော တရုတ်ပြည်မကြီး၏ ကမ်းရိုးတန်းအနီး ထိုင်ဝမ် ထိန်းချုပ်ထားသည့် ကင်မန်းနှင့်မတ်စုကျွန်းများပေါ် တစ်လကျော်ကြာ တိုက်ခိုက်ခံခဲ့ရပုံ” ကို ရည်ညွှန်းကိုးကား ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ ၆၄ နှစ်တုန်းက အခုလို ဩဂုတ် ၂၃ ရက်မှာ ကျမတို့ တပ်သားတွေနဲ့ အရပ်သားတွေဟာ စည်းစည်း လုံးလုံးနဲ့ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ ကြပါတယ်။ ဒါကြောင့် ဒီကနေ့မှာ ဒီမိုကရေစီနည်းကျ ထိုင်ဝမ်ဆို တာ ပိုင်ဆိုင်နိုင်ခဲ့တာပါ” ဟု ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။
တရုတ်သည် ထိုစဉ်က ကျွန်းများအားလုံးကို သိမ်းယူနိုင်ခဲ့ခြင်း မရှိသဖြင့် ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြင့် အဆုံးသတ်သွားခဲ့သည့် အထက်ပါဖြစ်စဉ်အတွက် ဆိုင်အင်ဝမ်က ထိုင်ဝမ်ဘာသာစကား ဘုံအသုံးအနှုန်းဖြင့် ဆက်စပ်၍ ရှင်းပြခဲ့သည်။
ထိုင်ဝမ်ရဲ့ မတ်စုကျွန်းကိုတွေ့ရစဉ်
“ကျမတို့ရဲ့ မွေးရပ်မြေကို ကာကွယ်ဖို့ ဒီတိုက်ပွဲဟာ တခြားဘယ်သူ့ကိုမှ ခြိမ်းခြောက်မှု မရှိဘူးဆိုတာ ကမ္ဘာကို ပြသခဲ့ပါတယ်။ နိုင်ငံကို ကာကွယ်ဖို့ ထိုင်ဝမ်သူ၊ ထိုင်ဝမ်သားတွေရဲ့ ဆုံးဖြတ်ချက်ဟာ အတိတ်နဲ့ အခုကာလတင် မဟုတ်ပါဘူး။ အနာဂတ်အတွက်ပါ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ထိုင်ဝမ်လူထုဟာ ကိုယ့်မြေ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်မှုနဲ့ သာယာဝပြောစေရေး အကာအကွယ်ပေးဖို့မှာ သန္နိဋ္ဌာန်နဲ့ ယုံကြည်မှု နှစ်ခုစလုံးရှိတယ်ဆိုတာ ကမ္ဘာကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ထိုင်ဝမ်သည် အဆင့်မြင့် Sidewinder လေယာဉ်ပစ် ဒုံးကျည်များ အပါအဝင် စစ်လက်နက် ပစ္စည်းများကို အမေရိကန်ထံမှ အကူအညီရခဲ့ပြီး ယနေ့ မျက်မှောက်ကာလတွင် ကမ္ဘာ့နည်းပညာ ထိပ်တန်း လက်ဝယ်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။
Source: Reuters

- By CNI
- Category: နိုင်ငံရေး
- Hits: 889
CNI International News
ကိုလံဘို၊ ဩဂုတ် ၂၃
လွန်ခဲ့သည့်လက သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာ ရာထူးမှ နုတ်ထွက်အောင် တွန်းအားပေးခဲ့ကြ သည့် ဆန္ဒပြသူများကို ဖမ်းဆီးရန်အတွက် သီရိလင်္ကာအစိုးရသစ်သည် အကြမ်းဖက် ဆန့်ကျင်ရေးဥပဒေကို အသုံးပြုနေခြင်းကြောင့် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်နေရကြောင်း AFP သတင်းကို ကိုးကား၍ France24 ဝက်ဆိုက်က ရေးသားဖော်ပြသည်။
သီရိလင်္ကာအစိုးရ၏ အရေးပေါ်အခြေအနေကြေညာထားမှု အဆုံးသတ်ခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ကျောင်းသားခေါင်းဆောင် ဝါဆန်သာမူဒါလီဂျီအပါအဝင် ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို အကြမ်းဖက်မှုတားဆီးရေးအက်ဥပဒေ (PTA) ဖြင့် ဩဂုတ် ၂၁ ရက်နှောင်းပိုင်းက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအက်ဥပဒေအရ သံသယရှိသူများကို တရားစီရင်ရေးဆိုင်ရာ သုံးသပ်ခြင်းမရှိဘဲ ရက်ပေါင်း ၉၀ အထိ ဖမ်းဆီးချုပ်နှောင်ခွင့်ပြုထားသည်။
အကျပ်အတည်းတစ်ခုတွင် တိုင်းပြည်၏ပိုင်ဆိုင်မှုများကို ခိုးယူခြင်းသည် ရာဇဝတ်မှုမြောက်သည်” ဂိုတာ ဟု ဆိုင်းဘုတ်ကိုင်ဆောင်က ဆန္ဒထုတ်ဖော်နေသူတစ်ဦး(ဓါတ်ပုံ- Getty Images)
နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီဘဲ ထိုသို့သောဥပဒေမျိုးကို အသုံးချခြင်းသည် သီရိလင်္ကာ၏ ဒီမိုကရေစီကို ပျက်ပြားစေကြောင်း သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယာချောင် (Julie Chung) က အပြစ်တင်ဝေဖန်ခဲ့သည်။
“ပြည်သူတွေရဲ့အမြင်တွေ၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေကို အစိုးရက အားပေးဖို့ ကျမတို့တိုက်တွန်းပါတယ်” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်မှနေ၍ တောင်းဆိုခဲ့သည်။
အလားတူ PTA ဥပဒေသုံးခြင်းကို ခေတ္တဆိုင်းငံ့ပါရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ကိုလံဘိုမြို့တော်ရှိ ဥရောပသမဂ္ဂ (EU) ရုံးခွဲက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး ပြောကြားခဲ့သည်။
ဩဂုတ် ၁၈ ရက် ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် နောက်ထပ်ဆန္ဒပြသူ ၁၃ ဦးအနက်မှ အချို့ကို အာမခံဖြင့် ပြန်လွှတ်ပေးခြင်း (သို့မဟုတ်) ပုံမှန်လုပ်ထုံးလုပ်နည်းဖြင့် ဆက်လက်ထိန်းသိမ်းထားခြင်း ရှိခဲ့သည်။
အိမ်သုံးဂတ်စ်များရရှိရန် ဂတ်စ်အိုးများဖြင့် တန်းစီစောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-Wiki)
ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေများ ကျင့်သုံးခြင်းမှာ အာဏာပိုင်များအနေဖြင့် ဝေဖန်ထောက်ပြမှုများကို လက်ခံလိုစိတ်မရှိဘဲ သဘောထားကွဲလွဲသည့်အသံများအား စနစ်တကျတားဆီး နေသည့် အရိပ်လက္ခဏာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International-AI) က ပြောကြားခဲ့သည်။
“အကြမ်းဖက်မှုစွဲချက်တွေဟာ ဆန္ဒပြသူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ကိုက်ညီမှုမရှိဘူး။ အစိုးရဝေဖန်သူတွေ၊ သတင်းထောက်တွေနဲ့ လူနည်းစုတွေရဲ့ ပါးစပ်တွေပိတ်အောင် ဒီဥပဒေကို အကြိမ်ကြိမ် ထုတ်သုံးနေတာ တွေ့ရပါတယ်” ဟု AI အဖွဲ့မှ တောင်အာရှရေးရာဒါရိုက်တာ ယာမီနီမီရှရာ (Yamini Mishra) က ပြောကြား ခဲ့သည်။
မကြုံစဖူး စီးပွားရေးပြိုလဲမှုကြောင့် သီရိလင်္ကာနိုင်ငံတွင် သွင်းကုန်များဝယ်ယူရန် ပြည်ပငွေကြေး ကုန်ခမ်း သွားပြီးနောက် ယခုနှစ်ဆန်းပိုင်းကပင် အစိုးရဆန့်ကျင်ရေးလူထုအုံကြွမှု မကြာခဏဖြစ်ပွားခဲ့ကာ နိုင်ငံ့လူဦးရေ ၂၂ သန်းမှာ မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှု၊ လျှပ်စစ်မီးမရမှုနှင့် ငွေကြေးဖောင်းပွမှုတို့ ခါးစည်းခံခဲ့ရသည်။
Source: AFP, France24

- By CNI
- Category: နိုင်ငံရေး
- Hits: 1192
CNI International News
တိုကျို၊ ဩဂုတ် ၂၂
တရုတ်နိုင်ငံအပေါ် တန်ပြန်တိုက်ခိုက်နိုင်စွမ်း မြှင့်တင်ရန်အတွက် တာဝေးပစ် ခရုဇ်ဒုံးကျည်အစင်း ၁,၀၀၀ ဖြန့်ကြက်ချထားဖို့ ဂျပန်အစိုးရ စဉ်းစားနေကြောင်း ယိုမေအုရီသတင်းစာက ဩဂုတ် ၂၁ ရက်တွင် ရေးသားခဲ့ သည်ဟု CNN က ဖော်ပြသည်။
အဆိုပါဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၀၀ (၆၂ မိုင်) မှ ကီလိုမီတာ ၁,၀၀၀ အထိ ရောက်ရှိထိမှန် နိုင်အောင် တိုးချဲ့ပြင်ဆင်ထားသော လက်နက်ကြီးများဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ၎င်းသတင်းစာက ဆက်လက်ရေးသားသည်။
သင်္ဘော (သို့မဟုတ်) လေယာဉ်ဖြင့် ပစ်လွှတ်ရသော လက်နက်များကို ဂျပန်တောင်ပိုင်းရှိ နန်စိုင်း (Nansei) ကျွန်းများအနီး အဓိကစခန်းချထားမည်ဖြစ်ပြီး ယင်းလက်နက်များ၏ပစ်ခတ်နိုင်စွမ်းမှာ မြောက်ကိုရီးယားနှင့် တရုတ်ကမ်းရိုးတန်းဒေသများအထိ ရောက်ရှိနိုင်ကြောင်း ယိုမေအုရီသတင်းစာက ဖော်ပြသည်။
၎င်းသတင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ CNN က သဘောထားမှတ်ချက် တောင်းခံခဲ့သော် လည်း ချက်ချင်းတုံ့ပြန်မှုမရှိပေ။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ ရက်က တိုကျိုမြို့ရှိ Camp Asaka တွင် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ Type 19 155mm ဘီးတပ်မောင်းသူမဲ့ ဟောင်ဝစ်ဇာနှင့် Type 12 မြေပြင်မှ သင်္ဘောဖျက်ဒုံးကျည်တို့အား ကြည့်ရှုစစ်ဆေးနေစဉ်(ဓါတ်ပုံ-ရိုက်တာ)
ဒုတိယကမ္ဘာစစ်အပြီးတွင် ပေါ်ပေါက်လာခဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂျပန်က စွန့်လွှတ်ပြီး မိမိ၏ ကာကွယ် ရေးအတွက် ကိုယ်ပိုင်စစ်တပ်သုံးတော့မည်ဟု ဆိုလိုသည့်သဘောဖြစ်ကြောင်း၊ ဂျပန်အစိုးရသည် စစ်အသုံးစရိတ် တိုးမြှင့်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ပိုမိုခိုင်မာသော မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲကျင့်သုံးခဲ့သည်။
သို့သော် ပြည်ပနိုင်ငံများရှိ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် လက်နက်များနှင့်ပတ်သက်၍ တာဝေးပစ် ဒုံးကျည်များ ဖြန့်ကြက်ခြင်းမျိုးကိုတော့ ဂျပန်က ယခင်ကာလများ၌ ရှောင်ကြဉ်ခဲ့သည်။
ထိုင်ဝမ်ကျွန်းပေါ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ရောက်ရှိလာချိန်မှစ၍ အာရှ-ပစိဖိတ်ဒေသ တင်းမာမှုများမှာ သိသာစွာ တိုးလာခဲ့သည်။ အဆိုပါကျွန်းကို တရုတ်က ၎င်း၏ပိုင်နက်ဟု အခိုင်အမာပြောကြား ထားသည်။
ယင်းနောက် ဘေဂျင်းသည် ထိုင်ဝမ်ကျွန်းအနီးနှင့် ဂျပန်၏စီးပွားရေးသီးသန့်ဇုန်များအတွင်းသို့ ဒုံးကျည်များ ပစ်ခတ်ပြခဲ့သည်။
Source: CNN

- By CNI
- Category: နိုင်ငံရေး
- Hits: 1362
CNI International News
ဆိုးလ်၊ ဩဂုတ် ၂၂
မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ကာကွယ်ရေးအနေအထား မြှင့်တင်မှုအဖြစ် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ဩဂုတ် ၂၂ ရက် (ယနေ့)တွင် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့သည်။ ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြင့် သံတမန်ရေး မတည်ငြိမ် မှုနှင့်အတူ စစ်ရေးခြိမ်းခြောက်မှုဟု ဆိုးလ်နှင့်ဝါရှင်တန်တို့က မှတ်ယူခဲ့ကြသည်။
အော်ချီလွတ်မြောက်မှု ဒိုင်းအကာအရံ (Ulchi Freedom Shield) ဟု အမည်ပေးထားသော အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လာမည့် စက်တင်ဘာ ၁ ရက်အထိ တောင်ကိုရီးယားတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး လေယာဉ်၊ စစ်သင်္ဘော၊ တင့်ကားများ၊ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်မြေပြင် သင်ခန်းစာ များလည်း ထည့်သွင်းထားသည်။
အမေရိကန်နဲ့တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားပြည်သူများကန့်ကွက်နေ
၎င်းတို့ စစ်ရေး လေ့ကျင့်မှုကို ခံစစ်များဟု ဝါရှင်တန်နှင့်ဆိုးလ်တို့က ပြောကြားနေကြခြင်းမှာ မိမိအားကျူးကျော်ရန် အစမ်းလေ့ကျင့်နေခြင်းအဖြစ် မြောက်ကိုရီးယားက သတ်မှတ်ခဲ့သည်။
အစိုးရဝန်ထမ်းများ ဦးဆောင်ပါဝင်ကြသည့် ၄ ရက်ကြာ တောင်ကိုရီးယား အရပ်ဘက် ကာကွယ်ရေး လေ့ကျင့်မှု အစီအစဉ်နှင့်အတူ Ulchi Freedom Shield ကို စတင်ခဲ့ပြီး ပူးတွဲတိုက်ခိုက်မှုများကို ပုံဖော်လေ့ကျင့်ခြင်း၊ ရှေ့တန်း စစ်လက်နက်နှင့် လောင်စာဆီ ဖြည့်တင်းခြင်း၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များ ဖယ်ရှားခြင်း တို့ ပါဝင်ကြသည်။
အမေရိကန်နှင့်တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံတို့သည် လက်ရှိ ယူကရိန်းစစ်ပွဲအတွင်း ပြသခဲ့သော ဒရုန်းနှင့် အခြား တိုးတက်တီထွင်ထားသော စစ်လက်နက် ကိရိယာများကိုလည်း ပူးတွဲလေ့ကျင့်ကြမည်ဖြစ်သည်။
ဆိပ်ကမ်းများကို တိုက်ခိုက်ရာတွင် စစ်ဘက်နှင့်အရပ်ဘက် ပူးပေါင်းတုံ့ပြန်မှု လေ့ကျင့်ခြင်း အပါအဝင် လေဆိပ် များ၊ အီလက်ထရောနစ် ပစ္စည်းစက်ရုံများ စသည့် အရေးပါသည့် နေရာများကို ထိန်းချုပ်မှုလည်း ထည့်သွင်းထားသည်။
ပြီးခဲ့သည့် နှစ်များကတော့ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပုံမှန်စစ်ရေး လေ့ကျင့်မှုအချို့ကို ဖျက်သိမ်း ခဲ့ရသည်။ ထိုသို့ ဖျက်သိမ်းရသည့် အကြောင်းမှာ ထရမ့်အစိုးရလက်ထက် မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်း အတွက် နေရာဖန်တီးပေးရခြင်း၊ Covid-19 ကပ်ရောဂါ စိုးရိမ်မှုရှိနေခြင်းတို့ကြောင့် ဖြစ်သည်။
Source: AP