CNI International News

ဆိုးလ် နိုဝင်ဘာ ၂

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရသည့် Halloween ပါတီပွဲ မတိုင်ခင် နာရီပိုင်းအတွင်း အရေးပေါ် ဖုန်းခေါ်မှုများကို လက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ခဲ့ ကြောင်း ရှင်းပြရန် တာဝန်ပေးခဲ့ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒေါက်ဆိုးက နိုဝင်ဘာ ၂ ရက် (ယနေ့) ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက် ညပိုင်း ဖြစ်ရပ်ဆိုးကြောင့် လူ ၁၅၆ ဦးသေဆုံးပြီး ၁၇၂ ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ ရသူများအနက် ၃၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

၃ နှစ်အတွင်း Covid-19 ကန့်သတ်ချက်များ ကင်းစင်လုနီးပါး အချိန်၌ ပထမဆုံး ဆင်နွှဲခဲ့ကြသည့် Halloween ပွဲတော်ကို အကြောင်းပြု၍ ဖျော်ဖြေရေး လုပ်ငန်းများ တည်ရှိသည့် အီထယ်ဝမ်ခရိုင်ရှိ ကျဉ်းမြောင်းသော လမ်း ကြားများထဲတွင် လူငယ်ထောင်နှင့်ချီ၍ စုဝေးခဲ့ကြသည်။

တောင်ကိုရီးယားက Halloween ပွဲတော်ကျင်းပသည့် လမ်းကြားကိုတွေ့ရစဉ် (AFP)

အခင်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော အရေးပေါ် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများ အရ ဖြစ်ရပ်ဆိုးမတိုင်မီ လူသေဆုံးနိုင်သည့် ဖိစီးထိခိုက်မှုများအတွက် ပထမဆုံး သတိပေးချက် ထွက်ပေါ်လာခဲ့ သည်။

ရဲတပ်ဖွဲ့ဝင်များကို ဟိုဘက်သည်ဘက် အုတ်နံရံကြားတွင် ပိတ်မိနေခြင်းမှ ကယ်တင်ရန်အတွက် ဖုန်းခေါ်ဆိုသူ တစ်ဦးက ကနဦး အကြောင်းကြား၍ အကူအညီ တောင်းခံခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် အလားတူ ဖုန်းခေါ်ဆိုမှု ၁၀ ခုကို ဆက်တိုက် ရရှိခဲ့ပြီး ခေါ်ဆိုသူများက အရေးပေါ် အခြေအနေနှင့် စိတ်ပျက်အားငယ်မှုများအတွက် အသိပေး မေတ္တာရပ်ခံခဲ့ကြသည်။

ကျဉ်းမြောင်းပြီး မတ်စောက်သော လမ်းကြားထဲတွင် လူအချင်းချင်း လဲပြိုတက်နင်းမှုများ မရှိသေးမီ မိနစ်ပိုင်း အလိုတွင် နောက်ဆုံး ဖုန်းခေါ်ဆိုမှုများကို ရဲတပ်ဖွဲ့က လက်ခံဖြေဆိုခဲ့သေးသည်။

တောင်ကိုရီးယားက Halloween ပွဲတော်မှာ သေဆုံးသွားသူများစီးခဲ့သော ဖိနပ်များကိုတွေ့ရစဉ် (AFP)

လမ်းမကြီးပေါ်တွင် ရဲအချို့က ယာဉ်ကြော အသွားအလာများအတွက် လမ်းညွှန်ပေးနေကြောင်း သက်သေခံ မှတ်တမ်းများအရ တွေ့ရသော်လည်း လူစည်ကားရာ လမ်းကြားများနှင့် လမ်းဘေးဝဲယာ တဖက်တချက်တို့တွင် ရဲ အနည်းငယ် (သို့မဟုတ်) မရှိသလောက်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ရိုက်တာသို့ ပြောကြားခဲ့ကြသည်။

အခင်းဖြစ်ပွားရာ အီထယ်ဝမ်ခရိုင်သို့ လာရောက် စုဝေးသူပေါင်း ၁ သိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ထိုအချိန် တွင် ရဲဦးရေ ၁၃၇ ဦးရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

ဖုန်းခေါ်ဆိုမှု ၁၁ ခုအနက် ၄ ခုအတွက် ရဲက အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက သတင်းထောက်များကို ရှင်းပြခဲ့သည်။

အခြားခေါ်ဆိုမှုများကိုတော့ ရဲများ ရောက်မလာခြင်း (သို့မဟုတ်) ရောက်ရှိလာပြီးနောက် မည်သို့ ဘေးကင်းစေ ရေး စီမံပေးခဲ့သည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Source: Reuters, Channel News Asia