CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၇
ယူကရိန်းတင်းနစ်မယ် ဒါယာနာက လိုင်ယွန် အိုးပန်းပြိုင်ပွဲကနေ ရရှိတဲ့ ဆုကြေးငွေတွေကို ယူကရိန်း ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ ပြောလိုက်ပါတယ်။ ဒါယာနာဟာ လိုင်ယွန်အိုးပန်း ဗိုလ်လုပွဲမှာ တရုတ်တင်းနစ်မယ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အသက်(၂၁)နှစ် အရွယ်ရှိ ဒါယာနာဟာ ဗိုလ်လုပွဲမှာ ချန်ရှုအိုင်းကို (၃-၆)၊ (၆-၃)၊ (၆-၄)နဲ့ အရေးနိမ့်ခဲ့တာပါ။ သူမဟာ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး လက်စွမ်းတွေ ပြသခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါယာနာဟာ ဗိုလ်လု ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ယူကရိန်းနိုင်ငံအကြောင်းကိုပဲ တွေးနေခဲ့ပြီး ပွဲအပြီးမှာ ယူကရိန်းအလံကို ကိုင်ဆောင်ကာ စကား ပြောခဲ့တာပါ။
ဒါယာနာက “ဒါဟာ ခက်ခဲတဲ့ ရက်သတ္တပတ်တစ်ခုပါ။ ယူကရိန်းမှာ ရှိတဲ့လူတွေက ကျမကို စောင့်ကြည့်နေတယ်ဆိုရင် ရှင်တို့ တွေဟာ အလွန်သန်မာကြပါတယ်။ ရှင်တို့မှာ အံ့သြစရာကောင်းတဲ့ စိတ်ဓါတ်ရှိပြီး ယူကရိန်းအတွက် တိုက်ပွဲဝင်ဖို့ ကျမ ကြိုး စားခဲ့ကြောင်း ပြောချင်ပါတယ်။ ဒီမှာ ရရှိတဲ့ ဆုကြေးငွေတွေကို ယူကရိန်းမှာရှိတဲ့ သူတွေကို ထောက်ပံ့ဖို့ ယူကရိန်း ဖောင်ဒေးရှင်းကို ပေးသွားမှာပါ။ ကျမ အတွက်သာမကပဲ ကိုယ့်တိုင်းပြည်အတွက် တစ်ပတ်လုံး တိုက်ပွဲဝင်ခဲ့ပါတယ်။ လူတိုင်း က ကျမကို အများကြီး အားပေးခဲ့ကြပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါယာနာနဲ့ချန်ရှုအိုင်းကိုတွေ့ရစဉ်(FirstSportz)
ဒါယာနာဟာ သူမရဲ့ အစ်မဖြစ်သူနဲ့အတူ ယူကရိန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပေမယ့် မိဘတွေကိုတော့ အိမ်မှာပဲ ထားခဲ့ရကြောင်းကို ပြောပြခဲ့ပါသေးတယ်။
ဒါယာနာက “အိုဒက်ဆာကနေ ဒန်ယူဘီ ရိုးမေးနီးယား နယ်စပ်ကို ရောက်ဖို့ (၄)နာရီကြာခဲ့ပါတယ်။ ကျမတို့ ဗုံးတွေ ဒါမှ မဟုတ် ရုရှားတင့်ကားတွေနဲ့ တွေ့မှာကိုလည်း ကြောက်ရပါတယ်။ အဲ့ဒီမှာပဲ ကျမတို့ မိဘတွေကို နှုတ်ဆက်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆို ရင် အမေက နောက်ဆုံးအချိန်မှာ အဖေနဲ့ အတူရှိနေမယ်လို့ ပြောခဲ့လို့ပါ။ ကျမတို့ တုန်လှုပ်သွားခဲ့ပေမယ့် အဖေ့ကိုလည်း တစ်ယောက်တည်း မနေစေချင်ပါဘူး။ အိုင်ဗန်နာကတော့ အလွန်ငိုကြွေးနေခဲ့ပါတယ်။ ကျမကတော့ တာဝန် အကြီးကြီး ယူထားရလို့ ခံစားချက်တွေကို ထိန်းထားရပါတယ်”လို့ ပြောပါတယ်။
ကမ္ဘာ့အဆင့် (၁၂၀)မှာ ရပ်တည်နေတဲ့ ဒါယာနာဟာ လိုင်ယွန် အိုးပန်းပြိုင်ပွဲကနေရတဲ့ ဆုကြေးငွေ ပေါင် (၁၂၀၀၀)ကို ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Source: Metro