CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၇

ကွာရာတဲရိုနဲ့ အက်တလတ်စ် အသင်းတို့ ကစားခဲ့တဲ့ မက္ကဆီကို ထိပ်တန်းလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေ ရန်ပွဲဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး(၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘီဘီစီ သတင်းက ဖော်ပြထားပါတယ်။

ပရိသတ်တွေဟာ ပွဲကြည့်စင်မှာရော ကွင်းထဲထိပါဝင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ပွဲချိန်(၆၃)မိနစ် အရောက်မှာ ဒီပွဲကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ကစားသမားအချို့ဟာ အဝတ်လဲခန်းထဲကို မသွားရောက်ခင် ပရိသတ်တွေ ကို စိတ်တည်ငြိမ်မှုရရှိအောင် ကြိုးစားခဲ့ကြသေးတာပါ။ ပရိသတ်(၂၆)ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တာနဲ့အတူ လူ(၃)ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ကွာရာတဲရို ပြည်နယ်အုပ်ချုပ်ရေးမှူး ကူရီက “သေဆုံးသူမရှိခဲ့ပေမယ့် ဒါဟာ ကြေကွဲစရာမဟုတ်ဘူးလို့ ကျနော် တို့ မပြောနိုင်ကြောင်း”တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ ဆေးရုံပို့ဆောင်ခဲ့တဲ့ (၂၆) ဦးအနက် (၃) ဦးက ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီး နောက်(၃)ဦးကတော့ စိုးရိမ်ဖွယ်ရာအခြေအနေမှာရှိနေတယ်လို့ သူကပဲ ထပ်မံပြောခဲ့တာပါ။ ဒီပွဲမှာ ဧည့်သည် အက်တလတ်စ် အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေပေမယ့် ပရိသတ်တွေ ရန်ပွဲဖြစ်ခဲ့တာကြောင့် ပွဲကိုဆက်မကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Liga MX ဥက္ကဋ္ဌ က “အားကစားကွင်းလုံခြုံရေး အားနည်းခဲ့တဲ့အတွက် တာဝန်ရှိတဲ့သူတွေကို စံနမူနာပြအနေနဲ့ အပြစ်ပေးအရေးယူရပါလိမ့်မယ်။ ကျနော်တို့ ပရိသတ်တွေနဲ့ကစားသမားတွေရဲ့ လုံခြုံရေးဟာ ဦးစားပေး ဖြစ်တယ်”လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ကတော့ ဒီ အကြမ်းဖက်တဲ့ ဖြစ်ရပ်ကို လက်မခံနိုင်သလို သည်းမခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

အချို့သတင်းတွေမှာတော့ ဒီရန်ပွဲကြောင့် ပရိသတ်အနည်းဆုံး(၁၇)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် တနင်္ဂနွေနဲ့ တနင်္လာနေ့မှာ ကစားမယ့် မက္ကဆီကိုထိပ်တန်းလိဂ်ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းဖို့ မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

Source:BBC