CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီနဲ့ ဒီလီယန်ဝှိုက်တို့ ထိုးသတ်မယ့် ပွဲကို လာမယ့် ဧပြီ ၂၃ ရက်မှာပဲ ဝင်ဘာလေမှာ ကျင်းပသွားမယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီလီယန်ဝှိုက်ဟာ အခုရက်သတ္တပတ် အစောပိုင်းက WBC ချန်ပီယံနဲ့ ထိုးသတ်ဖို့အတွက် နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်မတိုင်မီ နာရီပိုင်းအလိုမှာ စာချုပ်ချုပ်ခဲ့တာပါ။ တိုင်ဆန်ဗျူရီဟာ (၃၁) ပွဲ အနိုင်ရပြီး (၁)ပွဲသရေကျကာ ရှုံးပွဲမရှိသေးပါ ဘူး။
အဲဒီနောက်မှာတော့ တိုင်ဆန်ဗျူရီဟာ ပီယာနီတာကို ဘဲလ်ဖတ်စ်မှာ အနိုင်ရခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ဗြိတန်မှာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလီယန်ဝှိုက်ကတော့ ကစားသမားဘဝ ပွဲပေါင်း(၃၀)မှာ (၂၈)ပွဲအနိုင်ရကာ (၂)ပွဲရှုံးနိမ့်ခဲ့ပြီး WBC ခါးပတ်အတွက် မဖြစ်မနေ စိန်ခေါ်သူအဖြစ် ရှိခဲ့တာပါ။ တိုင်ဆန်ဗျူရီဟာ နောက်ဆုံး ထိုးသတ်ထားတဲ့ပွဲမှာ အမေရိကန်နိုင်ငံသား ဒီယွန်တေဝေလ်ဒါကို အနိုင်ရပြီး သူ့ရဲ့ ချန်ပီယံခါးပတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုင်ဆန်ဗျူရီနဲ့ ဒီလီယန်ဝှိုက်ကိုတွေ့ရစဉ် (Boxing News)
ပွဲစီစဉ်သူ ဖရန့်ဝါရင်မ်က “ဒါဟာ မယုံနိုင်စရာကောင်းတဲ့ ညတစ်ည ဖြစ်မှာဖြစ်ပြီး ဒီနိုင်ငံရဲ့ အားကစားအတွက် ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ ဒီပွဲဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ စိတ်ကူးကို ဖမ်းစားနိုင်မယ့်ပွဲ ဖြစ်တယ်”လို့ ပြောခဲ့တာပါ။
တိုင်ဆန်ဗျူရီဟာဆိုရင် ဗြိတိန်မှာ ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲကစပြီး ပွဲစီစဉ်သူ ဘော့အာရမ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန် မှာပဲ ပြိုင်ပွဲတွေ ထိုးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီလီယန်ဝှိုက် ၂၀၂၁ ခုနှစ်၊ မတ်လက ပိုဗတ်ကင်ကို အနိုင်ရခဲ့တဲ့ပွဲဟာ သူ့ရဲ့ နောက်ဆုံးပွဲအဖြစ် ထိုးသတ်ထားခဲ့တာပါ။
ဘော့အာရမ်က “ဒီလီယန်ဝှိုက်ဟာ ဒီတိုက်ပွဲအတွက် နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တာဖြစ်ပြီး သူဟာ ထိုက်တန်တဲ့ စိန်ခေါ်သူ ဖြစ်ပေမယ့် ဟဲဗီးဝိတ်မှာ တိုင်ဆန်ဗျူရီကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ဝင်ဘာလေ အားကစားကွင်းမှာ သောင်းနဲ့ချီတဲ့ ပရိသတ်တွေ လာရောက်အားပေးမယ့် လက်ဝှေ့လောကရဲ့ အရေးကြီးတဲ့ ညတစ်ည ဖြစ်လာမှာပါ”လို ပြောခဲ့ပါတယ်။
Source: BBC