CNI Sport News

၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၈

(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအောဖ့် အဆင့်ပွဲစဉ်တွေမှာ ရုရှားကို မပိတ်ပင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ပိုလန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါ တယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ရုရှားကို ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းမပြုခဲ့ဘဲ နိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရုရှား အသင်းအစား RFU ဟု အတိုကောက်ကို အသုံးပြုပြီး ကစားနိုင်တယ်လို့ ပြောခဲ့တာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ တော့ “ရုရှားမြေပေါ်မှာ နိုင်ငံတကာပွဲတွေကစားခွင့်မရှိတော့ပါဘူး။ အိမ်ကွင်းပွဲစဉ်တွေကို ကြားကွင်းမှာသာ ပရိသတ် မပါဘဲ ကစားရမှာဖြစ်ပါတယ်။ RFU ကိုယ်စားပြုအသင်းတွေ ပါဝင်တဲ့ အချိန်မှာ ရုရှားအလံ ဒါမှမဟုတ် နိုင်ငံတော်သီချင်းကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားရဲ့လုပ်ရပ်ကို ရှုတ်ချတယ်လို့” ရေးသားခဲ့တာဖြစ်ပါတယ်။

မတ်လထဲ ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်ပွဲစဉ်တွေကို ပိုလန်၊ဆွီဒင်နဲ့ ချက်တို့ သွားရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြီးနောက်မှာ ဖီဖာက အခုလို တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့တာပါ။ ပိုလန်ဘောလုံးအဖွဲဲ့ချုပ် ဥက္ကဌကတေ့ာ့ ဖီဖာရဲ့ဆုံးဖြတ်ချက်တွေဟာ လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောလိုက် ပါတယ်။

“ဖီဖာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝကို လက်ခံနိုင်စရာမရှိပါဘူး။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့လည်း ကျနော်တို့ စိတ်မဝင်စားပါဘူး။ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ အရင်အတိုင်းပါပဲ။ အသင်းနာမည်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ ပိုလန်လက်ရွေးစင်အသင်းဟာ ရုရှားနဲ့ကစားသွားမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဆွီဒင် ဘောလုံးအဖွဲ့ ချုပ်ကလည်း ဒါကို မကျေနပ်ဘူးဆိုတာ ရှင်းပါတယ်လို့ ပြောထားတာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားနဲ့ဆိုရင် မသန်စွမ်းပွဲအပါအဝင် ဘယ်လိုပြိုင်ပွဲမျိုးကိုမဆို ပါဝင် ယှဉ်ပြိုင် မှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

Source:Metro