CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား ရော်နယ်ဒို ကတော့ ကမ္ဘာကြီး ငြိမ်းချမ်းပါစေလို့ ဆုတောင်းကြောင်း သူ့ရဲ့ အင်စတာဂရမ် Story မှာ ရေးတင်ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရုရှားက ယူကရိန်းကို ကျုးကျော်ဝင်ရောက်တိုက်ခိုက်နေပြီး ပျက်ဆီးဆုံးရှုံးမှုတွေအပြင် လူအများအပြား သေဆုံးမှုတွေပါဖြစ်ပွားနေတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတွေ၊ကစားသမားတွေနဲ့ ပရိသတ် တွေကလည်း ဒီဖြစ်ရပ်ကို ဆန့်ကျင်တဲ့စာသားတွေကို ပွဲတွေမှာ ကိုင်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ကစားသမား တွေအချို့ကလည်း စစ်ပွဲအလိုမရှိဘူးဆိုတဲ့ စာတွေကို သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။ ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုကတော့ ရုရှား-ယူကရိန်း အရေးထက် ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ကိုသာ အဓိကထား ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို က “ကျနော်တို့ရဲ့ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဆုတောင်းပါတယ်”လို့ ရေးသားထားခဲ့တာပါ။ ဖေဖော်ဝါရီ (၂၆)ရက် က ကစား ခဲ့တဲ့ ဟော်ဖန်ဟိမ်းနဲ့ စတုဂတ် အသင်းတို့ရဲ့ဘောလုံးပွဲစဉ်တွေမှာလည်း စစ်ပွဲအလိုမရှိတဲ့စာတန်းကို နှစ်ဖက် ကစားသမားတွေက ကိုင်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အေစီမီလန် နဲ့ အူဒီးနီးစ် အသင်းတို့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာလည်း ယူကရိန်းငြိမ်းချမ်းရေးအတွက် တောင်းဆို ဖို့ ပွဲမစတင်ခင်(၅)မိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့ကြတာပါ။ အခုတစ်ပတ်အတွင်း ကစားမယ့် စီးရီးအေ ပွဲစဉ်အားလုံးကို ဒီလိုပဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းကလည်း သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ အလီးယန့်ဇ် အရီနာ ကို ယူကရိန်းအရောင် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ အဲဗာတန် ပရိသတ်တွေကလည်း မန်စီးတီးနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ကစားသမားဖြစ်တဲ့ မိုင်ကိုလန်ကို ကို အားပေးဖို့အတွက် ယူကရိန်းနဲ့အတူ ရှိနေ တယ်ဆိုတဲ့ စာတန်းကို ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

Source:Ronaldo IG,Dailymail,FCbayern