CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဆီနီဂေါအသင်းရဲ့ တိုက်စစ်မှူး မာနေးက အာဖရိကဖလားဗိုလ်လုပွဲမှာ သူတို့နဲ့ တွေ့ဆုံမယ့် အသင်းကို အနိုင်ယူဖို့ အဆင်သင့် ပဲလို့ ပြောလိုက်ပါတယ်။
ဆီနီဂေါအသင်းဟာ အာဖရိကဖလား အကြိုဗိုလ်လုပွဲအဖြစ် ဘာကီနာဖာဆိုအသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ တာ ဖြစ်ပါတယ်။ ဆီနီဂေါအတွက် ဂိုးတွေကို ဒီယာလို၊ ဂွီယီနဲ့ မာနေးတို့က သွင်းယူခဲ့တာဖြစ်ပြီး ဘာကီနာဖာဆိုအတွက် ချေပဂိုးကို တိုရေးက သွင်းယူခဲ့တာပါ။
ဆီနီဂေါအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့အတိုင်း အုပ်စုပွဲစဉ်တွေကနေ အကြိုဗိုလ်လုပွဲအထိ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ ဒီပွဲမှာ တစ်ဂိုးသွင်းယူခဲ့တာကြောင့် ဆီနီဂေါ လက်ရွေး စင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ကာမာရာရဲ့ သွင်းဂိုး ၂၉ ဂိုးနဲ့ အရေအတွက်ချင်း တူညီသွားခဲ့တာပါ။
မာနေးနဲ့ ဆီနီဂေါအသင်းကိုတွေ့ရစဉ်(talkSPORT)
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ မာနေးဟာ ဒီပြိုင်ပွဲမှာ ဆီနီဂေါအတွက် ခြေစွမ်းပြနေပြီး ၃ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
မာနေးက “ဒါဟာ ကျနော်တို့မှာရှိနေတဲ့ အရှိန်အဟုန်ကို ခင်ဗျားတို့ကို ပြသနေတာပါပဲ။ အာဖရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ၂ ကြိမ် ဆက်တိုက် တက်နိုင်ဖို့ လွယ်မှာမဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျနော်တို့အတွက် အရေးကြီးဆုံးက ကျနော်တို့နဲ့ တွေ့မယ့်သူတိုင်းကို အနိုင်ရဖို့ပါပဲ။ ကျနော်တို့ဟာ တကယ်ကိုကောင်းမွန်တဲ့ ဘာကီနာဖာဆို အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်တယ်”လို့ ပြောခဲ့တာပါ။
ဆီနီဂေါအသင်းဟာ အာဖရိကဖလားဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တိုက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာတော့ ဆီနီဂေါအသင်းဟာ အယ်လ်ဂျီးရီးယားကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဆီနီဂေါအသင်း အတွက်တော့ ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်နိုင်ခဲ့တာဖြစ်ပြီး အရင် (၂)ကြိမ်လုံးကတော့ ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီနီဂေါ အသင်းဟာ ဒီတစ်ကြိမ်မှာတော့ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
Source: BBC