CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃
အဘူဒါဘီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဖီဖာရဲ့ စက်ရုပ်ဒိုင်လူကြီး နည်းပညာနဲ့ စမ်းသပ်ခံရမယ့် ပထမဆုံး ပရီးမီးယားလိဂ်ကလပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ခြေလက်လှုပ်ရှားမှုကို ခြေရာခံမယ့် နည်းပညာအသစ်ဟာ စက္ကန့်ဝက်အတွင်းမှာ လူကျွံဘော ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒါကြောင့် ဗီဒီယိုအကူဒိုင်လူကြီး (VAR)နဲ့ ဆက်စပ်နေတဲ့ ကြာရှည်နှောင့်နှေး နေမှုတွေကို အဆုံးသတ်နိုင်မှာလည်းဖြစ်ပါတယ်။
ဖီဖာ ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အာရပ်ဖလားပြိုင်ပွဲမှာ ဒီစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာပါ။ အဲ့ဒီအတွက် ဖီဖာ ဟာ အခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၃)ရက်မှာ စတင်ကျင်းပသွားမယ့် ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီစနစ်ကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး ချယ်လ်ဆီး အသင်းဟာ ဒီ နည်းပညာကို နမူနာ ရယူမယ့် ပထမဆုံး ဗြိတိန်ကလပ်ဖြစ်လာတေ့ာမှာပါ။
ကစားသမားတွေနဲ့ ဘောလုံးလှုပ်ရှားမှုကို ဖမ်းယူနိုင်ဖို့အတွက် အားကစားကွင်းရဲ့ အမိုးမှာ ကင်မရာ(၁၂)လုံး အထိ အသုံးပြုတပ်ဆင်ထားတာဖြစ်ပါတယ်။ စက်ရုပ်ဒိုင်လူကြီးနည်းပညာဟာ မှန်ကန်တဲ့ လူကျွံဘောကို ပြုလုပ်နိုင်ဖို့ အတွက် တစက္ကန့် ကို အကြိမ်(၅၀)ခန့် ဝင်ရောက်နိုင်တဲ့ ဒေတာအချက်(၂၉)ချက်နဲ့ ကစားသမားတွေရဲ့ ကာတွန်း အရိုးစုကို ဖန်တီးထားတာပါ။ အဲဒါကြောင့် ကစားသမားတဦးအနေနဲ့ လူကျွံဘောဖြစ်တယ်ဆိုရင် အဆိုပါခြေရာခံ စနစ်ဟာ စက္ကန့်ဝက်အတွင်းမှာ VAR ကို ချက်ချင်းသတိပေးမှာဖြစ်ပါတယ်။
ဥရောပချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိုဗိုလ်လုပွဲ အဆင့်ကနေ စတင် ယှဉ်ပြိုင်ရမှာပါ။ ချယ်လ်ဆီး အသင်းဟာ အယ်လ်ဂျာဇီးယား၊ အက်စ်ပီရေးနဲ့ အယ်လ်ဟီလယ်လ် တို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ဖေဖော်ဝါရီ(၉)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လန်ဒန် ကလပ်ဟာ ဒီပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင် ဘရာဇီးလ် ကိုပါလီဘာတေးဒိုးစ် ချန်ပီယံ ပယ်လ်မီးရတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ချယ်လ်ဆီး အသင်းဟာ (၂၀၁၂) က ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ကိုရင်သီယန် အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အသင်းကတော့ ဘိုင်ယန်မြူးနစ် အသင်းဖြစ်ပါတယ်။
Sourec:Sportbible