CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ပြင်သစ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဒီပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်မှာ နိုက်စ် အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းကစားသမား မက်ဆီ ဟာ ဒီပွဲမှာ သူ့ရဲ့ အထင်ကရ ကျောနံပတ်(၁၀)ဂျာစီကို ဝတ်ဆင်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေမှုကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး အသင်းကလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ နိုက်စ် အသင်းနဲ့ ပွဲချိန် အတွင်း ဂိုးမရှိသရေကျခဲ့တဲ့အတွက် အချိန်ပိုဆက်လက်ကစားခဲ့ရတာပါ။
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး နိုက်စ်အသင်းက ၆ ဂိုး-၅ ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းကနေ နိုက်စ် အသင်းထံ အငှားသွားရောက်ကစားနေတဲ့ ဂိုးသမား ဘူလ်ကာ ဟာ ပင်နယ်တီအဆုံးအဖြတ်အပါအဝင် ပွဲချိန်အတွင်းမှာလည်း အကောင်းဆုံးလက်စွမ်းတွေ ပြသသွားခဲ့ တာပါ။ ဘူလ်ကာရဲ့လက်စွမ်းတွေကြောင့် ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်မယ့် မျှော် လင့်ချက်တွေ အဆုံးသတ်သွားခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
မက်ဆီ ကတော့ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာ အသင်းကနေ ရောက်ရှိလာပြီးကတည်းက အခုအချိန်ထိ ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။ ပီအက်စ်ဂျီ အသင်းမှာ ကျောနံပတ်(၃၀) ဝတ် ဆင်တဲ့ မက်ဆီ ဟာ ဒီပွဲမှာ ကျောနံပတ်(၁၀)ဂျာစီကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဖလားပြိုင်ပွဲရဲ့ စည်း မျဉ်းအရ အသင်းတသင်းရဲ့ ပွဲထွက်ကစားမယ့် ကစားသမား(၁၁) ဦးဟာ နံပတ်(၁) ကနေ (၁၁) အထိ ဝတ်ဆင် ရတာပါ။ အဲဒါကြောင့် မက်ဆီ ဟာ ဒီပွဲမှာ နေမာရဲ့ကျောနံပတ်(၁၀) ဂျာစီ ဝတ်ဆင်ဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို က “ကျနော်တို့ဟာ နိုက်စ်ထက် ပိုပြီးကောင်းခဲ့ပါတယ်။ ကျနော်တို့ ဒီထက်ပို ကောင်းဖို့ ထိုက်တန်ပါတယ်။ အနိုင်ရဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ပွဲရဖို့အတွက် လုံ လောက်တဲ့ ဖန်တီးမှုမျိုးမပြုလုပ်နိုင်ခဲ့ပါဘူး။ ပိုပြီးထိရောက်အောင်လည်း လုပ်ခဲ့သင့်ပါတယ်။ ပင်နယ်တီ အဆုံး အဖြတ်ကတော့ ထီပေါက်သလိုပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ နိုက်စ် အသင်းဂိုးသမား ဘူလ်ကာ ဟာ ပီအက်စ်ဂျီ ကစားသမားတွေဖြစ်တဲ့ ပါရီဒတ်စ်နဲ့ ဇာဗီဆီမွန်တို့ရဲ့ ပင်နယ်တီကန်ချက်တွေကို ကာကွယ်သွားနိုင်ခဲ့တာပါ။ ဘူလ်ကာ က “ကျနော် ပီအက်စ်ဂျီအသင်းကို လေးစားမှု အားလုံးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော် ချစ်မြတ်နိုးတဲ့ ဒီ အသင်းက အငှားချထားလို့ပါပဲ။ ကစားသမား အချို့နဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ အားသာချက်တခုတော့မဟုတ်ပါဘူး။ မှန်ကန်တဲ့ဘက်ကို ရွေးပြီး သူတို့ ကန်သွင်း ချက်တွေကို ရပ်တန့်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။
နိုက်စ် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:TheSun