CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ဖီအိုရင်တီးနား အသင်းကနေ ပေါင်(၆၂)သန်းနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဗလာဟိုဗစ်ဟာ ရော်နယ်ဒိုနဲ့ သူ့ရဲ့ မိသားစုနေထိုင်ခဲ့တဲ့ အံ့မခန်းဖွယ် ကောင်းတဲ့အိမ်မှာ ပြောင်းရွှေ့နေထိုင်ဖွယ်ရှိတယ်လို့ Tuttosport သတင်းမှာ ဖော်ပြထား ပါတယ်။

စပိုက်ဒါမန်း နောက်ခံပုံ အပါအဝင် အိမ်ခန်းရဲ့ အပြင်အဆင်ကို ပြသထားတဲ့ ဓါတ်ပုံအသစ်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါ တယ်။ နေအိမ်ကို ကပ်လျက်အိမ်ကြီး (၂)လုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သီးသန့်လမ်းပေါ်မှာလည်း လုံခြုံရေးတွေ စောင့်ကြပ် နေကြပါတယ်။

အဆိုပါအိမ်ကြီးမှာ သီးခြား ဝင်ပေါက်တွေရှိပြီး စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်တွေနဲ့ ဝန်းရံ ထားတာကိုတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခန်းနဲ့ ရေချိုးခန်း ဘယ်လောက် ပါရှိလဲဆိုတာနဲ့ ပတ်သက်ပြီး အိမ်ရဲ့ အသေးစိတ် အချက်အလက် ကတော့ နည်းပါးလွန်းနေတာပါ။ ပေါ်တူဂီကစားသမားဟာ တူရင်မှာနေထိုင်တဲ့ အချိန်အတွင်း ဂျော်ဂျီနာနဲ့အတူ အသုံးပြုခဲ့တဲ့ ခေတ်မီတဲ့ အားကစားရုံ တစ်ရုံရှိပါတယ်။

                                                                                   ဗလာဟိုဗစ် လေ့ကျင့်ခန်းလုပ်နေစဉ်(Juventus)

အလွန်ကောင်းမွန်တဲ့ ရေကူးကန်ကတော့ ထိပ်တန်း အားကစားသမားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာလည်း ဖြစ်ပါ တယ်။ တစ်ဖက်မှာ တောင်တန်း၊ နောက်တစ်ဖက်မှာ မြစ်တစ်စင်းနဲ့ အဆိုပါ အိမ်မှာ မြို့တစ်ခုလုံးရဲ့ ရှုခင်းကို မြင်တွေ့နိုင်ပြီး အေးချမ်းမှုကို ပေးစွမ်းနိုင်တာပါ။ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ကြိုးစားခဲ့တာဖြစ်ပေမယ့် ကစားသမားက လန်ဒန်ကလပ်ကို ငြင်းပယ်ပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဆားဘီးယား တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပတ်(၇)ကို ဝတ်ဆင်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားရဲ့ နေရာကို ဖြည့်တင်းနိုင်ဖို့ ရည်မှန်းထားတာပါ။ အခုအချိန်မှာတော့ ဗလာဟိုဗစ် ဟာ ရော်နယ်ဒို နေခဲ့တဲ့အိမ်မှာပါ နေထိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူ ထားတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ ဒီတစ်ပတ်မှာ စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဗလာဟိုဗစ် အနေနဲ့ ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။