CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂
Nike ဟာ ဂရင်းဝုဒ် ဖမ်းဆီးခံခဲ့ရပြီးနောက် သူတို့နဲ့ ကစားသမားရဲ့ဆက်ဆံရေးကို တရားဝင်ဆိုင်းငံ့လိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဟာ သူ့ရဲ့ချစ်သူကို ရိုက်နှက်ခဲ့တဲ့ ပုံနဲ့ဗီဒီယို ကြောင့် မုဒိန်းမှု၊ ကိုယ်ထိလက်ရောက်ကျုးလွန်မှု သံသယတို့နဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကလပ်အသင်း ကလည်း နောက်ထပ်ထုတ်ပြန်ချက်အသစ်တွေ မထုတ်ခင်အချိန်ထိ ဂရင်းဝုဒ်ကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်း ခွင့်ရော ပွဲကစားခွင့်ပါ ပိတ်ပင်ထားခဲ့တာပါ။
Nike ကလည်း ဂရင်းဝုဒ်ရဲ့ ဒီလိုအဖြစ်အပျက်တွေကြောင့် လေးလေးနက်နက် စိုးရိမ်ပူပန်မိတယ်လို့ ပြောခဲ့ ပါတယ်။ Nike က ထုတ်ပြန်တဲ့ကြေညာချက်မှာ “ဂရင်းဝုဒ်နဲ့ ကျနော်တို့ ဆက်ဆံရေးကို ဆိုင်းငံ့လိုက်ပါပြီ။ လတ်တလောဖြစ်နေတဲ့ စွပ်စွဲချက်တွေကြောင့် ကျနော်တို့ လေးလေးနက်နက်စိုးရိမ်မိပြီး ဒီ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေမှာပါ”လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာ ဖြစ်ပြီး သူ့ကိုမေးခွန်းထုတ်ဖို့ နောက်ထပ်အချိန်ပေးထားတာပါ။
ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က “စုံထောက်တွေဟာ အမျိုးသမီးတဦးကို မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက် ကျုးလွန်မှု သံသယတို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက်(၂၀)အရွယ်ရှိ အမျိုးသားတဦးနဲ့ စကားတွေပြောဖို့ နောက်ထပ် အချိန်တွေပေးထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်”လို့ ထုတ်ပြန်ထားတာ ဖြစ်ပါ တယ်။ ဂရင်းဝုဒ်ရဲ့ချစ်သူဟာ သွေးထွက်သံယိုတွေဖြစ်ခဲ့တဲ့ ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်ဖျက်ခဲ့တာပါ။
ဂရင်းဝုဒ်ကတော့ ဒီ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာတုံ့ပြန်မှုမှ ပြုလုပ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကို အသက်(၆)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်း ကောင်းမွန်မှုကြောင့် အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိခဲ့သူပါ။
မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဘယ်လိုအကြမ်းဖက်မှုကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့သလို အသင်းရဲ့ နာမည်ကြီး ကစားသမားတွေက လည်း ဂရင်းဝုဒ်ရဲ့ဆိုရှယ်မီဒီယာကို Unfollow ပြုလုပ်ခဲ့ကြပါတယ်။
ဂရင်းဝုဒ် ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၆) ဂိုးသွင်းယူထားတာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ တရားဝင်စတိုးဆိုင်တွေမှာရှိတဲ့ ဂရင်းဝုဒ်ရဲ့အမှတ်တရပစ္စည်းတွေကို လိုက်လံ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Source:Sportbible