CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ကို မုဒိမ်းမှုနဲ့ အဖမ်းခံရပြီးနောက် ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရပြီဖြစ်တယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။

အသက်(၂၀)အရွယ်ရှိ ဂရင်းဝုဒ် ဟာ မာစီးဒီးစ် ကားပေါ်မှာ အနက်ရောင် သိုးမွေးခေါင်းစွပ်ကို ဝတ်ဆင် ထားတာပါ။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားဟာ အဖမ်းခံရပြီးကတည်းက သူ့ရဲ့ ပုံရိပ်ဟာ နိမ့်ကျသွားခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေမလုပ်ခင် အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဖေဖော်ဝါရီ(၂)ရက်နောက်ပိုင်း သူ့ကို လူမြင်ကွင်းရှေ့မှာ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရတာပါ။


ဂရင်းဝုဒ် ဟာ သူ့ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် အချုပ်ထဲမှာ (၃)ည နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ မှုဒိမ်းမှု၊လိင်ပိုင်းဆိုင်ရာစော်ကားမှု၊သတ်ပစ်ဖို့ ခြိမ်းခြောက်တယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးမေးမြန်းခံခဲ့ရတာပါ။ ဂရင်းဝုဒ် ဟာ စုံစမ်းစစ်ဆေးမှုဆိုင်းငံ့ထားပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကနေ တစ်ပတ်လုပ်ခ ပေါင်(၇သောင်း၅ထောင်) ရရှိနေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဂရင်းဝုဒ်ကို အသင်းကနေ ဆိုင်းငံ့ထားတာပါ။ ဒါပေမယ့် ပရိသတ် အချို့ကတော့ အင်္ဂလန်ကစားသမားကို အသင်းရဲ့ဝက်ဘ်ဆိုက်မှာ တွေ့မြင်နေရဆဲဖြစ်တယ်လို့ ပြောထားပြီး အသင်းက သူ့ကိုပြန်လည်ခေါ်ယူနိုင်တယ်လို့တောင် ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကြေညာချက်မှာ “ဂရင်းဝုဒ်ရဲ့ အနေအထားဟာ ဘယ်လိုမှ ပြောင်းလဲခြင်း မရှိသေးပါဘူး။ ဇန်နဝါရီမှာ အသင်းလူစာရင်းကနေ သူ့ကိုထုတ်ပယ်ပြီးနောက် မကြာခင်မှာ သူ့ရဲ့ပရိုဖိုင်ကို အသင်းအက်ပလီကေးရှင်းကနေ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရလုပ်ငန်းစဉ်တွေ ဖော်ဆောင် နေချိန်မှာ သူဟာ အသင်းရဲ့ကစားသမားဖြစ်နေတာကြောင့် သူ့ရဲ့ပရိုဖိုင်ကို ဝက်ဘ်ဆိုက်ကနေ ဘယ်တော့မှ မဖယ်ရှားခဲ့ပါဘူး”လို့ ထုတ်ပြန်ခဲ့တာပါ။

အသက်(၆)နှစ်အရွယ်ကတည်းက မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသက်(၁၇)နှစ် အရွယ်မှာပဲ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၁၂၉)ပွဲ ပါဝင်ကစားထားပြီး (၃၅)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source:TheSun