CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

အာဂျင်တီးနား အသင်းရဲ့ဂိုးသမား အီမီမာတီးနတ်စ်က မက်ဆီဟာ အသက် ၅၀ အထိ ကစားနိုင်တာကြောင့် လက်ရွေးစင်အသင်းကနေ အနားမယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အီမီမာတီးနတ်စ်က “ ကျနော့်အတွက်တော့ သူဟာ အသက် ၅၀ အထိ ကစားနိုင်ပါတယ်။ သူဟာ တကယ်ကို ထက်မြတ်ပြီး ကြည့်ရတာလည်း အလွန်ကောင်းပါတယ်။ သူဟာ ဘယ်လိုအရာကိုမဆို လွယ်ကူအောင် လုပ်နိုင်ပါ တယ်။ ဒါက လုပ်ရတာ အခက်ဆုံးပါပဲ။ သူဟာ ဘောလုံးကို ဘယ်လောက်ထိ ကောင်းမွန်စွာ နားလည်တယ် ဆိုတာပါပဲ။ သူဟာ အရွယ်သေးငယ်ပေမယ့် အလွန်သန်မာပါတယ်”လို့ FootballersLives.tv ကို ပြောခဲ့တာပါ။

အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ပြင်သစ်နဲ့ ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ် ဖြစ်တယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ကိုပါ အမေရိကဖလားကို ရယူနိုင်ခဲ့သလို၊ ကမ္ဘာ့ဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝက အနားယူဖို့ အလားအလာ များနေတာပါ။

မက်ဆီနဲ့အသင်းဖော်များကိုတွေ့ရစဉ် (Goal)

ဒါပေမယ့် မာတီးနတ်စ်က အသင်းဖော် မက်ဆီဟာ အသက် ၅၀ အထိ ကစားနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါ တယ်။ အာဂျင်တီးနား အသင်းရဲ့နောက်ခံလူ ရိုမဲရိုးကလည်း မက်ဆီဟာ နိုင်ငံအသင်းနဲ့အတူ ဆက်လက်ရှိနေဖို့ မျှော်လင့်နေတာပါ။
ရိုမဲရိုးက “ ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမဟုတ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဒီလိုအရာတွေက အမြဲတမ်း ဖြစ်နေပေမယ့် ကျနော်တို့က သူ့ကို အနားမယူဖို့ တောင်းဆိုမှာပါ။ သူနဲ့အတူ တွဲဖက် ကစားရတာက ကျနော်တို့ ကို အလွန်ပျော်ရွှင် စေပါတယ်”လို့ ပြောပါတယ်။

မက်ဆီဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လတုန်းက ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီအသင်းကို အရေးနိမ့်ပြီးနောက် လက်ရွေးစင် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ပြန်ပြင်ကာ ဆက်လက် ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Metro