CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ဘတ်ပီဟာ ပေးစ်ဒီကတ်ဆဲလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းပြီး ပီအက်စ်ဂျီအသင်း သမိုင်းတစ်လျှောက် တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလား ၃၂ သင်းအဆင့် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဆဌမတန်းကလပ် ပေးစ်ဒီ ကတ်ဆဲလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ဘတ်ပီရဲ့ ၅ ဂိုးအပြင် နေမာနဲ့ ဆိုလာတို့က ၁ ဂိုးစီ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီး ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူကာ ၁၆ သင်းအဆင့် ပို့ဆောင်ပေးခဲ့တာပါ။

ဘတ်ပီက “ဒီအဆင့်မှာ ပြိုင်ဘက်အသင်းကို လေးလေးစားစားနဲ့ ကစားဖို့ ဒီကိုရောက်ရှိလာခဲ့တာပါ။ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာအတွက် ပျော်ရွှင်ပါတယ်။ ဒါက သူတို့အတွက်ရော ကျနော်တို့အတွက်ပါ အခွင့်အရေး ကောင်း တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ အပျော်တမ်း ဘောလုံးလောကကနေ လာတယ်ဆိုတာ ကို သတိပေးတဲ့ အရာမို့လို့ပါ။ တစ်ပွဲတည်း ကစားရရင်တောင် ဒီလိုမျိုးအရာတွေကို သိမ်းထားဖို့ အရေးကြီးပါ တယ်”လို့ ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းကိုတွေ့ရစဉ်

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၄ ပွဲ ကစားထားအပြီးမှာ ၂၅ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိပြီးကတည်းက သွင်းဂိုး စုစုပေါင်း ၁၉၆ ဂိုး သွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ ကာဗာနီရဲ့ စံချိန်ကို လိုက်မှီဖို့ ၄ ဂိုးသာ လိုအပ်တော့တာပါ။

တိုက်စစ်မှူးဟောင်း ကာဗာနီဟာ သွင်းဂိုး ၂၀၀ နဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ပေးစ်ဒီကတ်ဆဲလ်အသင်းကို အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ၁၆ သင်းအဆင့်မှာ ပြိုင်ဘက်ကြီး မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်း လက်ရှိ ချန်ပီယံအသင်းဟာ ဒီတစ်ပတ်မှာ လိဂ်ပွဲစဉ်အဖြစ် ရိမ်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ရီးနတ်စ်အသင်းကို အရေးနိမ့်ထားခဲ့ပေမယ့် အမှတ်ပေးဇယားကို ၃ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: AP