CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ပြီးခဲ့တဲ့ ၄ လအတွင်းမှာ အရင်းနှီးဆုံး မိတ်ဆွေ ၂ ဦး ကွယ်လွန်ခဲ့တာကြောင့် ပူဆွေးနေရတဲ့ ကွန်တီဟာ ဘောလုံးပွဲ အပြင်ဘက်မှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်လို့ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက ပြောလိုက်ပါတယ်။

ဟာရီကိန်းက “ကွန်တီဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့အတူ ဘောလုံးအပြင်ဘက်မှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်း နေရပါတယ်။ အသင်းတစ်သင်းရဲ့ အစိတ်အပိုင်း ဖြစ်နေတာက ကစားသမားတွေသာမကဘဲ နည်းပြရော၊ ဝန်ထမ်း အဖွဲ့တွေရော အားလုံးအတူတူရှိနေကြတာပါ။ နည်းပြလိုပဲ ကျနော်တို့ဟာ ဆက်ပြီး တိုက်ပွဲဝင်သွားရမှာပါ။ သူက စိတ်အားထက်သန်တဲ့ နည်းပြဖြစ်ပြီး ကျနော်တို့က သူ့အတွက် ဆက်ပြီး ကြိုးစားသွားရမယ်”လို့ ပြောခဲ့တာပါ။

ကွန်တီရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်တဲ့ စပါးအသင်း ကြံ့ခိုင်ရေးနည်းပြ ဂျီယန်နဲ့ အသင်းဖော်ဟောင်း ဗီယာလီ တို့ ကွယ်လွန်ခဲ့တာကို စပါးအသင်းနည်းပြဟာ ဝမ်းနည်းပူဆွေးနေတာ ဖြစ်ပါတယ်။

အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့အတူ ကွန်တီဟာ ဖိအားတွေ အောက်လည်း ကျရောက်နေပြီး အခုရာသီ အကုန်မှာ စပါးကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့် စပါးအသင်းဟာ ဖူလ်ဟမ် အသင်းကို အနိုင်ရပြီး ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်

စပါးအသင်းက ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဖူလ်ဟမ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂ ပွဲဆက် အရေးနိမ့်တာကနေ နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့တာပါ။

စပါးအတွက် တစ်လုံးတည်းသော ဂိုးကို ဟာရီကိန်းက သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ အသင်း ဂန္တဝင် ဂျင်မီဂရေ့ဗ်ရဲ့ သွင်းဂိုး ၂၆၆ ဂိုးနဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းက “ကျနော်တို့ သွားချင်တဲ့ နေရာက အနည်းငယ် နောက်ကျနေပေမယ့် ဒီညက အရေးကြီးပါတယ်။ ကျနော်တို့ဟာ အချင်းချင်း စကားတွေလည်း ကောင်းကောင်းမွန်မွန် ပြောခဲ့ကြပြီး ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါ တယ်။ နောက်ဆုံး ၂ ပွဲအပြီးမှာ အနိုင်ရတဲ့ နည်းလမ်းကို ပြန်ရဖို့က ကျနော်တို့အတွက် တကယ်ကို အရေးကြီးခဲ့ပါ တယ်”လို့ ပြောခဲ့တာပါ။

စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက ယူနိုက်တက် အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail