CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းအနေနဲ့ ဟာလန်းအတွက် လိုက်လျောညီထွေဖြစ်စေဖို့ ကစားပုံ စတိုင် အချို့ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းရဲ့ အရည်အသွေးကို ကျနော်တို့ သိပါတယ်။ သူနဲ့ ကစားလို့မရတဲ့ ကစားပုံ လှုပ်ရှားမှု တချို့ကိုတော့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမှာပါ။ သူ့ဆီ ရောက်ဖို့အတွက် တက်နိုင်သလောက် ဘောလုံး ကို များများပေးပို့ရမှာပါ။ သူ့နားမှာဆိုရင် ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် ပထမဆုံး ဂိုးမှာဆိုရင် ဒီဘရိုင်းရဲ့ ပေးပို့မှုက အလွန်ကောင်းမွန်ခဲ့သလို သူကလည်း အဆင်သင့် ရှိနေတာပါ”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဝုလ်ဗ်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဟတ်ထရစ်ဟာ နော်ဝေတိုက်စစ်မှူးအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရရှိတဲ့ ၄ ကြိမ်မြောက် ဟတ်ထရစ် ဖြစ်ပြီး ၁၉ ပွဲ ကစားအပြီးမှာ ၂၅ ဂိုး သွင်းယူထားတာပါ။ ဟာလန်းရဲ့ လက်ရှိ သွင်းဂိုးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုရခဲ့တဲ့ သူတွေထက် ဂိုးအရေအတွက် များသွားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းနဲ့ မန်စီးတီးအသင်းကိုတွေ့ရစဉ်

ဂွာဒီယိုလာက “ဟာလန်းက သူ့ရဲ့ ပရော်ဖက်ရှင်နယ်၊ အလုပ်၊ ဝါသနာနဲ့ အချစ်တွေအတွက် ၂၄ နာရီကြာ နေထိုင် နေတာပါ။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတဲ့ အရာတွေပဲဖြစ်ဖြစ် သူဟာ ဖိအားတွေ အများကြီး မရှိဘဲ အေးဆေး တည် ငြိမ်ပါတယ်။ သူဂိုးသွင်းတဲ့ အချိန်မှာ ဟတ်ထရစ် ဒါမှမဟုတ် ဂိုးဘယ်လောက်အထိ ရမလဲဆိုတာကို ကျနော် မသိ ပါဘူး။ သူဟာ ကျနော်တို့အသင်းရဲ့ ဖြေရှင်းတဲ့အရာပါပဲ။ သူ ဂိုးမသွင်းနိုင်ဘူးဆိုရင်တော့ အသင်းမှာ ပြဿနာတွေ ရှိတယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဝုလ်ဗ်စ်ကို အနိုင်ရခဲ့တဲ့ ပွဲအပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင် ရပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းကို ၅ မှတ်အကွာနဲ့ ဒုတိယနေရာကနေ ဆက်ပြီး ဖိအားပေးနေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်မှာ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၃၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC