CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူဖို့ ဖြစ်နိုင်ခြေကို မစဉ်းစားဘဲ မေ့ထားဖို့ ကစားသမားတွေကို ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဆုဖလား ၃ လုံး ရယူနိုင်ဖို့ဆိုတာကို မေ့လိုက်ပါ။ ဒီအကြောင်းတွေကို စပြီးပြောလာတဲ့အချိန်မှာ ခင်ဗျားတို့ ပြိုင်ပွဲတွေမှာ စတင်ရှုံးနိမ့်ပြီး၊ ပြိုင်ပွဲတွေကနေ ထွက်ခွာရပါမယ်။ ကျနော်တို့က အဆင်သင့် မဖြစ်သေး ပါဘူး။ အဲဒါကြောင့် ဒါကိုစဉ်းစားဖို့ တစ်စက္ကန့်တောင် အချိန်မရှိပါဘူး။ နယူးကာဆယ်နဲ့ ကစားရမယ့် ပွဲအတွက်ပဲ ကျနော်တို့ စဉ်းစားနေပါတယ်”လို့ ပြောလာခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဘရစ်စတိုးလ် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းကို ဒုတိယနေရာကနေ ဆက်ပြီး ဖိအားပေးနေသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ဖို့အတွက် မျှော်လင့်ချက်တွေ ရှိနေတာပါ။

မန်စီးတီးအသင်း ကစားသမားများကိုတွေ့ရစဉ်

မန်စီးတီး အသင်းအနေနဲ့ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ပြီး ထိန်းနိုင်ဖို့ဆိုရင် လက်ကျန် ပွဲတွေမှာ အမှတ်တွေထပ်ပြီး မဆုံးရှုံးနိုင်တော့ဘူးလို့လည်း ဂွာဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၂ မှတ် ကွာဟနေတာပါ။

ဂွာဒီယိုလာက “ကျနော်တို့ ပရီးမီးယားလိဂ်မှာ ထပ်ပြီး ရမှတ် မဆုံးရှုံးနိုင်တော့ဘူးဆိုတာ ကျနော်သိပါတယ်။ အာဆင်နယ်က ကျနော်တို့ရဲ့ ထိပ်မှာရှိနေသလို ယူနိုက်တက်ကလည်း အနောက်ကနေ လိုက်လာနေပါပြီ။ ပြီးတော့ ချန်ပီယံလိဂ်တွေလည်း လာပြီဆိုတော့ ၂ ပတ်အတွင်း ဘာတွေ ဖြစ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါ မယ်။ အရေးကြီးတာက ကျနော်တို့ အဲဒီ နေရာမှာ ရှိဖို့ဖြစ်ပြီး အကြာကြီး ဆက်ရှိဖို့ လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

Source: Goal