၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

စပိန်ဆီဂန်ဒါကလပ် လီဂါနတ်စ်အသင်းရဲ့ လူငယ်အသင်းမှာ ကစားနေတဲ့ အာသာဖဟာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ကစားခွင့်ရလို့ ဂုဏ်ယူမိတယ်လို့ သူ့ရဲ့ အင်စတာဂရမ်ကနေ ပြောထားပါတယ်။

အာသာဖဟာ ရှမ်းလူမျိုးဖြစ်ပြီး ရှမ်းပြည်နယ်ကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အာသာဖဟာ လီဂါနတ်စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့တုန်းက မြန်မာအသင်းအတွက် ကစားပေးချင်တယ်လို့ ပြောထားခဲ့တာကြောင့် သူ့ရဲ့ ဆန္ဒပြည့်ဝသွားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းနည်းပြ ပိုပေါ့နဲ့ အာသာဖတို့ဟာ အဆက်အသွယ်ရှိတာကြောင့် ကစားသမားဟာ ယူ-၂၃ အသင်းအတွက် ပါဝင်ရဖွယ် ရှိနေတာပါ။ လီဂါနတ်စ် လူငယ်ကစား သမားဟာ သူ့ရဲ့ အင်စတာဂရမ်မှာ မြန်မာအသင်းရဲ့ ကျောနံပတ် ၂၁ ဂျာစီ နဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။

အာသာဖဟာ အရင်ကတည်းက မြန်မာအသင်းအတွက် ကိုယ်စားပြု ကစားချင်ခဲ့တာဖြစ်ပြီး အခုမှ ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ အာသာဖဟာဆိုရင် အခုနှစ်ထဲမှာ ကျမယ့အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၃ အသင်းရဲ့ ပဏာမလူစာရင်းမှာ ရွေးချယ်ခံထားရတယ်လို့လည်း သိရပါတယ်။

ပုံ- အာသာဖ ကျောနံပတ်ကိုတွေ့ရစဉ်။ (arthurpha Instagram)

အာသာဖရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို နည်းပြပိုပေါ့က သဘောကျ နှစ်သက်တယ်ဆိုရင် ဒီပြိုင်ပွဲဝင်မယ့် အပြီးသတ်လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိနေတာပါ။ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာလူငယ်ဘောလုံး သမားတွေထဲမှာ အာသာဖက ယူ-၂၃ အသင်းမှာ ပထမဆုံး ရွေးချယ်ခံရတဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ အာသာဖ အနေနဲ့ မြန်မာယူ-၂၃ အသင်းအတွက် ဘယ်လောက်ထိ အထောက်အကူ ဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

အာဆီယံယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲကိုတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၆ ရက်အထိ ကျင်းပသွားမှာပါ။ မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့အုပ်စု(B)မှာ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါ တယ်။ ၃၁ ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲကိုတော့ အခုနှစ် မေလ ၂၂ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။