CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

မန်ချက်စတာယူနိုက်တက် အသင်းကြီးအတွက် ကစားခွင့်ရဖို့ (၂)နှစ်နီးပါးကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဖီးလ်ဂျုံးစ်ဟာ ဝုလ်ဗ်စ်နဲ့ ပွဲမှာ ပြန်လည် ကစားခွင့်ရပြီးနောက် ဘောလုံးသမားတစ်ဦးလို ပြန်ခံစားနေရပြီလို့ ပြောပါတယ်။

အင်္ဂလန် ကစားသမားဟာ ဒူးဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ အပတ်ကမှ မန်ချက်စတာယူနိုက်တက် အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရခဲ့တာပါ။ ဖီးလ်ဂျုံးစ်ဟာ ဒီပွဲမှာ ပရိသတ်တွေ သဘောကျစေမယ့် စွမ်းဆောင်ရည် ကောင်းပြခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဝုလ်ဗ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ManUtd.com နဲ့ အင်တာဗျူးလုပ်ခဲ့ရာမှာ သူ့ကို ဆက်လက် အားပေးနေတဲ့ ပရိသတ်တွေနဲ့ သူအနားယူနေတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့ ကလပ်ကို ကျေးဇူးတင်တယ်လို့ ပြောခဲ့တာပါ။

ဖီးလ်ဂျုံးစ်က “ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ကစားသမားတစ်ဦး အချိန်တော်တော်ကြာအောင် မကစားနိုင်ဘူးဆိုရင် ဒါဟာ ခက်ခဲပါတယ်။ ကျနော်ပြောချင်တာက ဒီအသင်းကို ကိုယ် စားပြုပြီး ဂျာစီဝတ်တဲ့ အချိန်တိုင်း အရာအားလုံးကို အပြည့်အဝ ပေးဆပ်ပါတယ်။ ဒီကလပ်အတွက် ကျနော့်ရဲ့ သွေး၊ချွေးနဲ့ မျက်ရည်တွေကို ထည့်ပြီး ကျနော့်လုပ်နိုင်တဲ့ အရာအားလုံးကို လုပ် ပေးပါတယ်။ ကျနော့်ကို အားပေးတဲ့ ပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ အံ့သြဖွယ်ကောင်းတဲ့ အသင်းဖြစ်ပြီး ကျေးဇူးတင်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပုံ-မန်ယူအသင်းသားများနဲ့အတူ ဖီးလ်ဂျုံးစ်ကိုတွေ့ရစဉ်။(The Athletic)

ဒါ့အပြင် ဖီးလ်ဂျုံးစ်က “ကွင်းထဲမှာရော အသင်းအတွက်ပါ အချိန်အကြာကြီး ဝေးကွာခဲ့ရတာပါ။ ဒါဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် အသင်းဖော်တွေနဲ့ ပြန်ပူးပေါင်းခွင့်ရခဲ့လို့ ကျေနပ်ပါတယ်။ အခုမှ ဘောလုံးသမားတစ်ဦးလို ပြန်ခံစားရတာဖြစ်ပြီး ခင်ဗျားရဲ့ ခြေထောက်နဲ့ မိုးရွာနေတဲ့ မြက်ခင်းပြင်မှာ ဘောလုံးကို ခံစားလိုက်ရတာက အလွန် ကောင်းမွန်တဲ့ ခံစားချက်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Talk SPORT ရဲ့ အစီအစဉ်တင်ဆက်သူ ဂိုးလ်စတိန်းက ဖီးလ်ဂျုံးစ်ဟာ အင်္ဂလန်လက်ရွေးစင် နောက်ခံလူတွေဖြစ်တဲ့ တိုင်ရွန်မင်းစ်နဲ့ ဂျွန်စတုန်းစ်တို့ထက် ပိုကောင်းမွန်တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။

၂၀၁၁ ခုနှစ်က ဘလက်ဘန်း အသင်းကနေ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခေါ်ယူခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ မန်ချက် စတာယူနိုက်တက် အသင်းအတွက် ၂၂၅ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဖီးလ်ဂျုံးစ်ဟာ မန်ချက် စတာယူနိုက်တက် အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်တို့ကို ရယူထားတာ ဖြစ်ပါတယ်။