CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု မြင့်တက်နေပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်ဟု ပန်ဆောင်ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ခွန်းနှင်းက CNI သတင်းဌာန သို့ ပြောသည်။

“ဒီမှာက အရမ်းဆိုးတဲ့ အခြေအနေတော့ ဖြစ်နေတယ်။ ကျောင်းတွေလည်း ပိတ်ထားတယ်။ မနေ့ကလည်း ၁၃ ယောက်ပိုးတွေ့တယ်။ ဒါမြို့ကျဉ်းကျဉ်းလေးပေါ့နော့။ ရပ်ကွက်ထဲကပဲ ပိုးတွေ့သွားတာပေါ့နော်။ တစ်အိမ်ထဲက ၂/ ၃ ယောက် အဲလိုမျိုးတွေပေါ့။ ဒါတောင် မစစ်တာ၊ မြို့ထဲမှာလို စစ်လို့ရှိရင်လေ တစ်ရွာလုံးနီးပါးတော့ ရှိမယ် ထင်တယ်။ အခုချိန်က ရွာထဲမှာလည်း နှာစေး၊ချောင်းဆိုးနေတယ် အကုန်လုံး၊ မိသားစုလိုက်ဖြစ်နေတာ။ နှာစေးချောင်းဆိုးဖြစ်တာပေါ့၊ ဒါပေမယ့် ပိုးတွေ့တာတော့ စစ်ရင်တော့ ပိုးတွေ့တာများတယ်၊ မနေ့ကလည်း ၁၃ ယောက် ပိုးတွေ့တယ်။ မနေ့ကတော့ ကျောင်းမှာ စစ်သလားတော့ မသိဘူး။ ‌ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာမ ၇ ယောက်တွေ့တယ်လို့ ပြောတယ်” ဟု သူက ပြောသည်။


လက်ရှိ ပိုးတွေ့လူနာများကို အစိုးရအနေဖြင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများ လုပ်ဆောင်ခြင်းမရှိကြောင်း၊ ကိုယ့်စရိတ်နှင့်ကိုယ် ကုန်ကျခံနေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ပိုးတွေ့လူနာများကို ပန်ဆောင် ပြည်သူ့ဆေးရုံတွင် ထားရှိပြီး ပိုးတွေ့လူနာ ၅၀ နီးပါးရှိကြောင်း ပန်ဆောင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက CNI သို့ ပြောသည်။

“မနေ့က ၁၀ ယောက်တွေ့ထားတယ်။ စုစုပေါင်းကတော့ အကုန်လုံးဆိုရင်ကတော့ ၄၀ ကျော် ၅၀ နီးပါးတော့ ရှိတော့မယ်ထင်တယ်။ ဆင်းတဲ့လူနဲ့ဆိုတော့၊ အစကနဲ့ ပေါင်းမယ်ဆိုရင်တော့၊ အခုလောလောဆယ် ဆေးရုံမှာတော့ ၁၂ ယောက်လောက်ရှိတယ်၊ အခုလောလောဆယ် ဆေးရုံမှာက” ဟု ၎င်းက ပြောသည်။

ကိုဗစ် ပိုးတွေ့လူနာများကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ထောက်ပံ့မှုများ ပြုလုပ်ကြောင်း၊ လက်ရှိ လူနာများကိုလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေါ်ခွန်းနှင်းက ပြောသည်။

“စားသောက်ကုန်အခြေအနေနဲ့ ပတ်သက်ရင်‌တော့ ဘယ်ဖက်ကပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကူညီပံ့ပိုးပေးတဲ့လူရှိရင် အကောင်းဆုံးပဲပေါ့နော်၊ အရင်နှစ်မှာဆိုရင် NLD ခေတ်တုန်းက ဆိုရင် ဒေါ်စုကဆိုရင် ကျမတို့ ဒေသအတွက် ဆန်၊ ဆား၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ဆန်ကအစ ပံ့ပိုးပေးတယ်လေ။ ဒီလိုမျိုးတွေပေါ့၊ ကိုဗစ်ကြောင့်မို့ ထောက်ပံ့ပေးတာ ဆိုပြီးတော့မှ အိမ်တိုင်းမှာ ဘယ်လောက်ဘယ်လောက်ဆိုပြီးမှ ထောက်ပံ့ပေးတယ်လေ။ အခု ဒီနှစ်တွေမှာလည်း အဲဒီလိုလေး ထောက်ပံ့ပေးရင်ပိုကောင်းတာပေါ့။ အစိုးရအနေနဲ့လည်း ဖြစ်စေချင်တယ်လေ။ ကိုဗစ်လူနာတွေ ကိုလည်း ဒီအတိုင်းပစ်ထားမယ့်အစား အစိုးရဘက်ကလည်း နည်းနည်းပါးပါးလေး ကိုဗစ်လူနာတွေအတွက် စားဖို့၊ သောက်ဖို့ဆိုပြီးတော့မှ ထောက်ပံ့ပေးတာတွေ ရှိရင်တော့ အရမ်းကောင်းမယ်လို့ပေါ့နော်။ အမက အဲဒါလေးကို ပြောချင်တာ” ဟု ဒေါ်ခွန်းနှင်းက ပြောသည်။

ပန်‌ဆောင်မြို့သည် မြန်မာ - အိန္ဒိယ နယ်စပ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသဖြစ်သလို စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ ရှားပါးမှုများလည်း ရှိနေကြောင်းသိရသည်။

နစက ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြု လူနာသစ် ၃၅၆၃ ဦးရှိကြောင်း၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁၀.၇၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။