CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ကိုဗစ်ကူးစက်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ (၁၇)ကြိမ်မြောက် ကွန်ဂရက် ကျင်းပမည့်ရက်ကို သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

မူလက KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် အဆိုပါ သတ်မှတ်ချက်အတွင်း ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း ပဒိုစောတောနီးက ပြောသည်။

“အစတုန်းကတော့ ဖေဖော်ဝါရီထဲမှာ လုပ်ဖြစ်မယ်၊ ဒါပေမယ့် ဖေဖော်ဝါရီ လုပ်ရင်းလုပ်ရင်းနဲ့ မဖြစ်နိုင်လောက်တော့ဘူးဆို တော့ နည်းနည်းပါးပါး ရွေ့တာတော့ ရှိမှာပေါ့လေ၊ ဖေဖော်ဝါရီထဲမှာတော့ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။

KNU ကွန်ဂရက်ကို ကျင်းပရန် စီစဉ်နေသော်လည်း ကိုဗစ်ကူးစက်မှု အခြေအနေ၊ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ၊ စစ်ရေး အခြေအနေများ အပါအဝင် KNU အဖွဲ့အတွင်းတွင်လည်း ကိုဗစ်ကူးစက်မှုများ ဖြစ်ပွားနေသည့် အခြေအနေများ ကြောင့် လူစုလူဝေးဖြင့် ညီလာခံလုပ်ရန် အခက်အခဲဖြစ်နေကြောင်း ပဒိုစောတောနီးက ပြောသည်။

၎င်းက “ကျနော်တို့က မလုပ်လို့တော့ မဖြစ်ပါဘူး၊ လုပ်ကိုလုပ်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် တခြားအဖွဲ့အစည်း တော့ မပြောတတ်ဘူးခင်ဗျ၊ ကျနော်တို့ အဖွဲ့အစည်းက တောက်လျှောက်ပဲဒီလို ညီလာခံဖြစ်ရေးကိုနော်၊ ဘာဖြစ်လို့လဲဆို တော့ ဒီညီလာခံက ရိုးရိုးအစည်းအဝေး မဟုတ်ဘူး၊ တစ်ခါတည်း တွဲပြီးတော့ ပါသွားတာက ရွေးကောက်ပွဲက တစ်ခါတည်း ပါသွားတာကိုး၊ အဲဒီအပိုင်းလည်းပါတော့ လူတွေက ပိုပြီးတော့ စိတ်ဝင်စားကြတယ်၊ ကျနော်တို့ အခုလက်ရှိ ကြုံနေရတဲ့ အခြေအနေကလည်း အရင်ကနဲ့ မတူဘူးဆိုတော့ တော်တော်လေး ခွကျတယ်”ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကွန်ဂရက်တွင် ဗဟိုကော်မတီဝင်များကို ပြန်လည်ရွေးချယ်ခြင်း၊ ထိုဗဟိုကော်မတီ ဝင်များထဲမှ ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ရွေးချယ်သည့် ရွေးကောက်ပွဲကို ကျင်းပလေ့ ရှိသည်။

ထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင် ဒေသကိုယ်စားလှယ်များ ပါဝင်သည့် KNU ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပ လျက်ရှိပြီး ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် KNU ကွန်ဂရက်ကို ၂၀၁၇ ခုနှစ်၊ မတ်လက ကျင်းပခဲ့သည်။

KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ် အတွင်းမှာပဲ တပ်မတော်နှင့် KNU ကြား တိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

KNU အဖွဲ့ကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူး ၂ ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅ ဦးဖြင့် စုဖွဲ့ထားပြီး ဗဟိုကော်မတီအောက်တွင် KNLA တပ်မဟာ ၇ ခုဖြင့် ဖွဲ့စည်းထားသည်။