CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

လက်ရှိ ကျင်းပနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်မှာ နွေဦးတော်လှန် ရေးအပေါ် ၁၀၀ ရာခိုင်နှုန်း သက်ရောက်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကွန်ကရက်ကို စောင့်ကြည့်နေကြောင်း၊ သို့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အားသာသည့်အဖွဲ့က ဦးဆောင်သွားမှာကို စိုးရိမ်မိကြောင်း ၎င်းက ပြောသည်။

ဦးကြီးမြင့်က “ ၁၀၀ ရာခိုင်နှုန်းရှိမှာ၊ ၁၀၀ ရာခိုင်နှုန်းရှိမှာ၊ ကျနော်တို့လည်း အဲဒါ ရင်တမမနဲ့ဗျာ စောင့်ကြည့်နေ တာ၊ သူတို့ကလည်း သူတို့အတွင်းရေး ဖြစ်နေတော့ ကိုယ့်ဘက်ပဲ ဖြစ်နေတယ်ပေါ့ KNU အဖွဲ့အစည်းက ကိုယ်တွေကိုလည်း သမိုင်းစဉ်ဆက် ကူညီလာတယ်၊ ရှင်းရှင်းပြောရရင်တော့ ကယ်တင်လာတဲ့ သူတို့ဖက် ရောက်လာသူတွေကို ကယ်တင်လာတဲ့ အဖွဲ့အစည်းဖြစ်တော့ ဒီအဖွဲ့အစည်းကြီးရဲ့ စည်းလုံးညီညွတ်မှုကို ၁၀၀ ရာခိုင်နှုန်း လိုလားတယ်တယ်ဗျာ၊ ဒါကြောင့်မို့ ကျနော် ဝေဖန်တာတွေကို မလုပ်ခဲ့ပါဘူး။ တကယ်တမ်းကြတော့ တိုးတက်တယ်ပေါ့ဗျာ၊ စစ်အာဏာရှင် ဆန့်ကျင်တယ် တိုးတက်တဲ့ အဖွဲ့အစည်း နေရာကောင်းတွေ ရမယ်ဆိုရင်‌ တော့ အင်မတန် ဝမ်းမြောက်စရာရှိတာပေါ့ဗျာ၊ ဒါမှ မဟုတ်ဘဲနဲ့ စစ်အစိုးရကို ဓါတ်ပြားဟောင်းကြီး ဖွင့်ပြီးတော့ နှစ်ပေါင်း ၇၀ လောက် ဓါတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ပြီးတော့ အထူးသဖြင့် ၈၈ နောက်ပိုင်းပေါ့ဗျာ၊ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး NCA ကို အကြောင်းပြပြီးတော့ ဦးသိန်းစိန်လက်ထက်မှာ KNU အဖွဲ့ကြီးက စောမူတူးစေး ဖိုးတို့က စစ်တပ်နဲ့ ပူးပေါင်းသွားတယ်ပေါ့ဗျာ၊ အဲဒီစိတ်ဓါတ်တွေက အခုထိ ကျန်နေဦးမယ်ဆိုရင်တော့ ဒါကတော့ မဖြစ်သင့်တော့ဘူး၊ ဒီအမှားတော့ မလုပ်သင့်တော့ဘူး၊ အခုအခါမှာတော့ ဦးသိန်းစိန်လည်း မဟုတ်တော့ဘူး” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး စောမူးတူစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

အဆိုပါ ကွန်ကရက်ကို KNU တပ်မဟာ ၅ က တက်ရောက်ခြင်း မရှိခြင်းကြောင့် နွေဦးတော်လှန်ရေးနှင့် ပူးပေါင်း လိုသည့်အဖွဲ့အတွက် အားနည်းချက် ဖြစ်လာနိုင်ကြောင်း ဦးကြီးမြင့်က ပြောသည်။

လက်ရှိ KNU တွင် နွေဦးတော်လှန်ရေးဘက် အားသာသည့် အဖွဲ့နှင့် ငြိမ်းချမ်းရေး သွားလိုသည့် အဖွဲ့ဟူ၍ နှစ်ဖွဲ့ ဖြစ်နေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်ပြီး ဒုဥက္ကဋ္ဌမှာ ပဒို စောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်မှာ ပဒို စောတာဒိုမူးတို့က တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

KNU ကွန်ကရက်မှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်နိုင်ချေများကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနကို ပြောသည်။

KNU ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကိုတွေ့ရစဉ်

၎င်းက “သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုရှိလဲဆိုတဲ့ အပေါ်မှာ ကျနော်တို့ သိရမှ သုံးသပ်လို့ရမယ်ဗျ၊ အခု သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လို ဘာမှန်းမသိရသေးတော့ ကျနော်တို့လည်း သုံးသပ်လို့ မရသေးဘူး။ ဖြစ်ဖို့တော့ (ခေါင်းဆောင်အပြောင်းအလဲ) နည်းနည်း ရှိတယ်ပေါ့လေ၊ ဖြစ်ဖို့တော့ ထင်တယ်ပေါ့လေ၊ ယတိ ပြတ်ကြီးတော့ ပြောလို့မရဘူးဗျ၊ အပြောင်းအလဲကတော့ ဖြစ်နိုင်တဲ့ဘက်က များတာပေါ့” ဟု ပြောသည်။

KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် တပ်မတော်က အာဏာရယူပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

တခြားတစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများကို လူသားချင်း စာနာထောက်ထားမှုအရ စောင့်ရှောက်ထားသလို PDF များနှင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။