CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

ထိုင်းနိုင်ငံ စမုစခွန် ခရိုင်ရှိ Cal-Comp Electronics စက်ရုံတစ်ခုမှ အလုပ်ထုတ်ပယ် ခံလိုက်ရသည့် MOU မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်အမြန်ရရှိရေး ယခုတပတ်အတွင်း ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဘန်ကောက်မြို့က မြန်မာအလုပ်သမားသံအရာရှိရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထိုအလုပ်သမားများအား အလုပ်အကိုင်အသစ် ရှာဖွေပေးရာတွင် ၎င်းတို့နှင့်ကိုက်ညီသည့် လုပ်ငန်းခွင်များ ဖြစ်ရန် အဓိက လိုအပ်ကြောင်း Arakan Worker’s Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်း ဌာနသို့ ပြောသည်။

“သူတို့ဆီမှာ ရှိနေတာပဲ စာရင်း ဘယ်စက်ရုံက အလုပ်သမားဦးရေ ဘယ်လောက်တောင်းနေတယ်။ ဘယ် စက်ရုံက ဘယ်လောက်တောင်းတယ်ဆိုတာ အစိုးရဆီမှာ ရှိပြီးသားပဲလေ။ အလုပ်ရရင် ပြီးပြီဆိုပြီးတော့ ရှိတဲ့နေရာမှာ သွင်းပေးလို့လည်း မသင့်တော်ဘူးလေ။ စက်ချုပ်ကျွမ်းကျင်တဲ့ဟာကို ပင်လယ်ထဲမှာ သွားထည့်လို့ ဘယ်ရမလဲ အလုပ်ရှာပေးတယ်ဆိုပြီးမှ မရဘူး။ ငါတို့အလုပ်ရှာပေးမယ် အလုပ်အမျိုးအစားက ဘယ်အမျိုး အစားဖြစ်တယ်၊ အလုပ်သမားတွေမှာ ဒီမှာလုပ်နိုင်မယ်ဆိုလို့ရှိရင် ဘယ်လောက်အထိ လုပ်နိုင်မလဲ လူဦးရေ ဘယ်လောက်ရှိမလဲ။ ဒါတွေ သူတို့က စနစ်တကျ ဆွေးနွေးဖို့လိုတယ်။ အဓိကကတော့ ကူညီပေးတဲ့သူ တစ်ယောက်ရဲ့ ဆန္ဒကိုမဟုတ်ဘဲနဲ့ အကူအညီခံရတဲ့ အလုပ်သမားတွေရဲ့ဆန္ဒကိုလည်း အလေးအနက်ထားဖို့ လိုတာပေါ့။ နောက် အလုပ်သမားတွေ ဆန္ဒပါဖို့ လိုတယ်။ ကြာတယ်၊ မကြာဘူး ဆိုတာက ဟိုဘက် လုပ်ငန်းရှင် တွေက စာရွက်စာတမ်း ပြဿနာ အခက်အခဲရှိလို့ မခေါ်တာလား။ ဒါမှမဟုတ်ရင် ဒီအမှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာပြီးမှ ခေါ်မှာလား။ ဒါမှမဟုတ်ရင်လည်း စာရွက်စာတမ်း အခက်အခဲရှိလို့လား။ တစ်ခုခုတော့ရှိမှာပေါ့။ ဒါမှမဟုတ်ရင်လည်း ကုမ္ပဏီတွေကို ရှာလို့မရတာလား။ ဒါတွေကို အလုပ်သမားတွေကို ကူညီပေးတဲ့ပုဂ္ဂိုလ်တွေက ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်” ဟု ၎င်းကပြောသည်။

အလုပ်ထုတ်ခံရသည့် Cal-Comp Electronics စက်ရုံမှ မြန်မာလုပ်သားများ စုဝေးနေစဥ်

အလုပ်ထုတ်ပယ်ခံလိုက်ရသည့် မြန်မာအလုပ်သမားများထဲတွင် ထို စက်ရုံ၌ ပြန်လည်လုပ်ကိုင်လိုသူများအပြင် အခြားအလုပ်အကိုင်အသစ်ရရှိရေး စောင့်ဆိုင်းသူများရှိသဖြင့် သက်ဆိုင်ရာ ထိုင်းဘတ်ငါးသန်းအေဂျင်စီတွေ၊ စက်ရုံက တာဝန်ရှိသူတွေနဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးနေကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်း၌ လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့သည်ဆိုသော အကြောင်းပြချက်ဖြင့် ထို MOU အလုပ်သမား ၁၀၀၀ ကျော်အား အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် အချိန်ကာလအားဖြင့် တစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်းတို့ အလုပ်အကိုင် ပြန်လည်ရရှိရေး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်း ဌာနသို့ပြောသည်။

“အလုပ်သမားတွေ လိုချင်တဲ့၊ အလုပ်သမားတွေ လုပ်နိုင်မယ့်အလုပ်နဲ့ နောက်ပြီးတော့ လိုအပ်တဲ့ ဟိုဘက်က အလုပ်ရှင်ပေါ့ ပြောရမယ်ဆိုရင် အလုပ်ရုံတွေ အဲဒါတွေကလည်း ကိုက်ဦးမှ။ အဲဒီတော့ အဲဒီမှာ ကြန့်ကြာနေ တယ်လို့ ထင်တယ်။

Cal-Comp Electronics စက်ရုံဆိုင်းဘုတ်

နံပါတ်တစ်ကတော့ အေဂျင်စီကို သူတို့ ဘယ်လိုလုပ်ပေးနိုင်မလဲ၊ သူတို့ခေါ်လာတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုတာဝန်ယူပေးနိုင်မလဲ ဒီကိစ္စတွေ ဆွေးနွေးရမယ်။ ရှင်းရှင်းပြောရရင်တော့ ၃ ဘက်စလုံးအပေါ်မူတည်တာပဲ။ ၃ ဘက်စလုံးဆိုတာက ဗမာဘက်မှာ သံရုံးတို့ အလုပ်သမားသံအရာရှိရုံးတို့ ပြီးတဲ့အခါကျ အေဂျင်စီရှိမယ် ပြီးတဲ့အခါကျ အလုပ်သမားတွေရှိမယ်။ ဟိုဘက်မှာက အလုပ်ရှင်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ။ အဲဒီသက်ဆိုင်ရာအလိုက်ကို ဒီဘက်အခြမ်းကနေပြီးတော့ လက်ရှိ မြန်မာအာဏာပိုင်တွေ အနေနဲ့က ဘယ်လိုမျိုးဖိအားပေးမလဲပေါ့။ ပြီးတဲ့အခါမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြားထဲမှာ ပြဿနာတက်လို့ တစ်စုံတစ်ခု ဖြေရှင်းနေရတဲ့အချိန်မှာဆိုရင် အဲဒီကာလအတွင်းမှာ အလုပ်သမားတွေအတွက် ဘယ်လို အကျိုးခံစားခွင့်ရှိလဲဆိုတာ ဒါလည်း ဥပဒေမှာ ပြဌာန်းထားပြီးသား ရှိတယ်။ အဲဒီအတိုင်းကို ထိုင်းအစိုးရဘက်က နေပြီးတော့ အလုပ်ရှင်ကို လိုက်ပါလုပ်ဆောင်ဖို့အတွက် ဖိအားပေးနိုင်အောင် ဒါကို ဒီဘက်ကနေပြီးတော့ ပြောရမှာပေါ့နော်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသည့် ထိုင်းနိုင်ငံသို့ MOU ဖြင့် အလုပ်သမားစေလွှတ်ခြင်းအား ၂၀၂၂ ခုနှစ် မေလ တွင် ပြန်လည်စတင်ခဲ့သော်လည်း အများစုသည် ထိုင်းသို့ ရောက်ရှိသည့်အခါတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများ ကြုံတွေ့နေကြရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ယခု ၂၀၂၃ ခုနှစ်တွင်မူ MOU အလုပ်သမားများအား အကြောင်းပြချက် မရှိဘဲ လုပ်သားလျှော့ချမှု၊ အလုပ်ထုတ်မှုတို့ အများအပြား ပြုလုပ်လာနေခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။