CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

တာမွေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ပြီဟု ကြေညာထားပြီး ကာကွယ်ဆေးထိုးပေးလျက်ရှိကာ ၎င်းဆေးမှာ အိန္ဒိယနိုင်ငံထုတ် Covaxin အမည်ရှိ ဆေးဖြစ် ကြောင်းနှင့် FDA ရရှိထားပြီးသည့် ဆေးဖြစ်ကြောင်း အဆိုပါ ဆေးခန်းမှ စုံစမ်းသိရှိရသည်။

သို့သော် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အသက် ၁၂ နှစ်အောက်ကလေးငယ်များကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် FDA မှ တရားဝင်ခွင့်ပြုထားသည့်ဆေး မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာသန်းနိုင်စိုးက “အခုပဲ ကျနော် FDA နဲ့ confirm လုပ်ပြီးပြီဗျ။ ၁၂ နှစ်အောက်ကို official ပေးထားတာ မရှိသေးဘူးလို့ပြောတယ်။ ၂ နှစ်အထိ မြန်မာနိုင်ငံမှာ FDA က ခွင့်ပြုထားတဲ့ဆေး လောလောဆယ် လတ်တလော အနေထားမှာမရှိသေးပါဘူး။ ဆေးအတု‌ယောင်တွေနဲ့ ၂ နှစ်အထက်က‌လေးတွေကို FDA က ခွင့်ပြုမထားဘူးဆိုရင် ဘာပဲပြောပြော မကောင်းဘူးလေ။ FDA ခွင့်ပြုချက်ရှိမှ နိုင်ငံတွင်းမှာ တရားဝင်မှာကိုး။ အသက်အုပ်စုကအစလေ” ဟု ပြောသည်။

အသက်(၂)နှစ်မှ (၁၈)နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံဖို့အတွက် တာမွေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုမှ အွန်လိုင်းပေါ်ကနေ တဆင့် ဖိတ်ခေါ်ထားပုံ

ထို့ကြောင့် ၎င်း အသက်၂ နှစ်မှ ၁၈ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ဆေး မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကိုသာ ကိုဗစ် ကာကွယ်ဆေးထိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် များသောအားဖြင့် အသက် ၃ နှစ်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး အသက် ၂ နှစ်အရွယ်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမျိုးလည်း မတွေ့ရှိရကြောင်း ‌ဒေါက်တာသန်းနိုင်စိုး က ပြောသည်။

“နိုင်ငံတကာမှာတော့ သူ့နိုင်ငံနဲ့သူပေါ့။ များသောအားဖြင့်ကတော့ ၃ နှစ်ပေါ့။ ၃ နှစ်ကနေ ၁၇ နှစ်က ခုနက ပြော တဲ့ Sinovac လေ။ သူ့ရဲ့လိုင်စင်ကလည်း တရုတ်ပြည်မှာပေးထားတာက ၃ နှစ်ကနေ ၁၇ နှစ်အထိပေးထားတယ်။ ဒါပေမယ့်တချို့နိုင်ငံတွေမှာတွေကတော့ Pfizer တို့လိုဆေးမျိုးပေါ့နော်။ ၅ နှစ်အထိ ဆေးထိုးတာတွေ့တယ်။ ၂ နှစ်အထိ ဆေးထိုးတဲ့ဟာတော့ မတွေ့မိသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ လူဦးရေ ၂ သန်းကျော်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။