CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေသည် နေ့စဉ် ၁ ဦးမှ ၄ ဦး ပုံမှန်သေဆုံးမှု ရှိနေကြောင်း မွန်ပြည်နယ် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယင်းသေဆုံးသူများသည် ရောဂါအခံရှိသူများ ကိုဗစ်ကူးစက်ရာမှတဆင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူ နေစဉ် သေဆုံးခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဓိကက ဒီလိုပေါ့လေ သေဆုံးတယ်ဆိုတာ နှစ်ပိုင်းရှိတာပေါ့။ ရောဂါကြောင့် သေဆုံးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီရောဂါ ဖြစ်တဲ့အခါမှာ သူ့ရဲ့ မူလရောဂါအခံရယ်၊ ပြီးရင် ကိုယ်ခံအားကျဆင်းမှုရောဂါရှိတာရယ်၊ အဲဒီ ဟာတွေနဲ့ ပေါင်းစပ်ပြီးတော့မှ သေဆုံးသွားတာပေါ့။ သေဆုံးတဲ့အခါမှာ သူတို့ကို စစ်ဆေးတဲ့ မူလပထမတော့ သူတို့စစ်ဆေးတော့ ကိုဗစ်ပိုးတွေ့တယ်။ တွေ့တော့ သီးသန့်ခွဲခြားကုသပြီးတော့ ကုသနေတယ်။ ကုသနေရင်းနဲ့ တခြားရောဂါတွေနဲ့ ပတ်သက်ပြီး သေဆုံးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး သေဆုံးတာမျိုးတွေ ဖြစ်ကုန်တာပေါ့လေ။ ပုံမှန်အားဖြင့်တော့ ၄ ယောက်ထက် မပိုပါဘူးဗျ။ တစ်နေ့ကို ပုံမှန် ၃ ယောက် ၂ ယောက် ၄ ယောက်ကတော့ အခုချိန်ထိ ၄ ယောက်ကတော့ သေဆုံးနေတယ်။ သေဆုံးနေတဲ့သူ တော်တော်များလည်း ရောဂါအခံရှိလို့ သေဆုံးတာ များပါတယ်ဗျ” ဟု ပြောသည်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းတွင် ကိုဗစ်လူနာများအားထားရှိရန် သီးသန့် ကွာရတင်းစင်တာများ ပြုလုပ် ထားခြင်းမရှိကြောင်းနှင့် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိပြီး ကုသပေးနေကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်တွင် ရောဂါကူးစက်မှုများရှိသော်လည်း ကိုယ်ခံအားကောင်းမွန်သည့် သူများအနေဖြင့် ရောဂါ လက္ခဏာပြင်းထန်မှု မတွေ့ရကြောင်း သိရသည်။

သို့သော် ဆေးခန်းများတွင် လာရောက်ပြသသူမှာ ယခင်ကထက် နှစ်ဆနီးပါးမြင့်တက်လာပြီး လူတစ်ယောက်က တဆင့် မိသားစုတစ်ခုလုံးသို့ ကူးစက်နေမှုများ ပိုမိုများပြားနေကြောင်း ဒေါက်တာလှဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဆေးခန်းတွေတော့ ဖျားတယ်ဆိုပြီး လာကြတာပဲ။ ဆေးလည်းပေးပြီးတော့ တစ်ရက်နှစ်ရက်နေပြီး ပျောက်သွား ကြတာပဲ။ အခုကိုဗစ် သူတို့လည်း မဖြစ်ကြဘူး။ အောက်ဆီဂျင်လိုတော့ မဖြစ်ကြဘူး။ ရိုးရိုးဖျားတဲ့ပုံစံပဲ လာကြ စစ်ကြ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက် ဒါတွေပဲ ဖြစ်ကြတယ်။ နောက်ပြီးတော့ ကောင်း ကောင်း သွားကြတယ်၊ တစ်ရက်နှစ်ရက်နေ။ ပြန်လည်းမလာကြတော့ဘူး။ ဒါပေမယ့် တစ်ယောက်ဖြစ်ပြီးရင် တစ်အိမ်လုံး တစ်ယောက်ပြီးတစ်ယောက် ရောက်လာတယ်။ အစ်မလာလိုက် ဆေးထိုးပြီး ပျောက်သွားပြန်။ နောက်တစ်ရက်ကြရင် အမေလာလိုက်၊ မောင်လာလိုက် တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ လာနေတယ်။ အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသော်လည်း ရောဂါလက္ခဏာများနှင့် သေဆုံးမှုများသည် ကိုဗစ် တတိယလှိုင်းကဲ့သို့ ပြင်းထန်မှု မရှိခြင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုနည်းပါးကြောင်း မွန်ပြည်နယ် ဒေသခံများက ပြောသည်။

ယခုအခါတွင် သက်ဆိုင်ရာမှ တတိယလှိုင်းကဲ့သို့ ပြင်ဆင်ပေးထားမှု မရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ နေထိုင်နေကြရကြောင်း ကျိုက်မရောဒေသခံတစ်ဦး ဖြစ်သည့် ကိုမင်းထောနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“သက်ဆိုင်ရာတွေက တတိယလှိုင်းလောက် သိပ်ပြီးတော့ သတိပေးတာမျိုးတို့၊ လှုံ့ဆော်ပေးတာမျိုးတို့ နည်းလာတယ်။ သိပ်ပြီးတော့ အရင်တစ်ခေါက်ကလိုမျိုး မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ကုသနေတဲ့ သဘောမျိုး ရှိနေတယ်။ ဆေးရုံသွားတဲ့အခါကျရင်လည်း သူတို့က ယုံကြည်မှုတွေ နည်းလာတယ်။ တချို့ကျတော့ ပြောတာရှိတာပေါ့ ဆေးရုံသွားလို့ရှိရင် ကိုယ်က ဖြစ်တာက နည်းနည်းပဲ။ ဟိုရောက်လို့ရှိရင် အဖြစ်များမယ်။ အဲလိုမျိုး ရှိတယ်။ တချို့ကျတော့ အိမ်မှာကုမယ်ဆိုလို့ရှိရင် ပျောက်တာ မြန်တယ်။ ကိုယ့်အိမ်မှာဆိုလို့ရှိရင် ကိုယ်ကြိုက်တာ စားလို့ရတယ်။ တတိယလှိုင်းထက် ပိုပြီးတော့ စိုးရိမ်မှုတော့ နည်းတာပေါ့နော်။ တတိယလှိုင်းကျတော့ ပိုပြီးတော့ အဖြစ်များတာပေါ့။ ဒီအခု လတ်တလော ဖြစ်တဲ့ကိုဗစ် ကျတော့ လူတွေ သိပ်ပြီးတော့ ထိတ်လန့်မှုတွေ နည်းတာပေါ့။ သိပ်ပြီး စိုးရိမ်နေတာ မရှိဘူးပေါ့” ဟု ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၈၀၀၀ ဝန်းကျင်တွေ့ရှိခဲ့ပြီး ၎င်း ထဲကမှ ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။