CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၄

ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်နေ့ ည ၈ နာရီမှ အောက်တိုဘာ ၄ ရက်နေ့ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၁၆၃ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၁၉ ဦးတွေ့ရှိပြီး ထပ်မံသေဆုံးသူ ၃၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇.၇ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြ ထားသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄ သန်းကျော်(၄,၃၉၃,၁၈၀ ခု)အား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၄ သိန်းကျော်(၄၆၉,၇၈၂ ဦး)ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ထို့နောက် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၄၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄ သိန်းကျော်(၄၂၄,၁၉၇ ဦး)ဆေးရုံ မှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၉၂၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဟု ဆိုသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ လူဦးရေ စုစုပေါင်း ၈ သန်းကျော်ကို ထိုးနှံပေးထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးထားသူ လူဦးရေ ၈ သန်းကျော်အနက် ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၃ သန်း ကျော်ရှိသလို ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးစီးသူ ၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။