၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံရှိ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်တာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကာ နေပြည်တော်တွင် ပထမဦးစွာ စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “နေပြည်တော်ကတော့ ကျနော်တို့ ကျောင်းသားဦးရေ ကျောင်းတက်ရောက်မှုလည်း အားကောင်းတယ်။ ပြီးတဲ့အခါကျတော့ ဒီမှာက ‌တော်တော် များများလည်း နေပြည်တော်အနေနဲ့က ထိုးနှံပြီးသားဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့်မို့ ခုနကပြောတဲ့ ကျောင်းသား အရွယ်တွေကို စတင်ထိုးနှံမှာပေါ့နော်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျောင်းသား၊ကျောင်းသူဦးရေမှာ ၆ သန်းကျော်ရှိကာ အဲဒီထဲကမှ ကာကွယ်ဆေးထိုးနှံပေးရာတွင် အကျုံးဝင်မည့်ကလေးများမှာ ၂၀၂၁ ဇွန်လတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်လျက်ရှိသည့် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် စတင်ထိုးနှံပြီးနောက် အခြားတိုင်းနှင့်ပြည်နယ်များ၌လည်း ထိုးနှံပေးသွားမည်ဖြစ်ပြီး နေပြည်တော်တွင် ဇွန်လ၌ ကျောင်းတက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်းမှာ ၈၁၅၂၀ ဦး ရှိကြောင်း သိရသည်။

ထိုကျောင်းသားများအတွက် ကိုဗစ်ကာကွယ်ဆေး(နှစ်ကြိမ်ထိုးနှံရန်) တစ်သိန်း ‌‌ခြောက်သောင်းကျော် အသုံးပြုမည်ဖြစ်ကြောင်း ကနဦးစီမံချက်အရ သိရသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “နောက်ထပ်လည်း ဒီကနေပြီးတော့ တဖြေးဖြေး ချဲ့ဖို့ ချဲ့ဖို့ရှိတယ်။ ဒါပေမယ့်လည်း ဒါက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကြီးနဲ့ တုံ့ပြန်ရေးကော်မတီတို့ အဆင့်ဆင့်အရ ပူးပေါင်းဆောင်ရွက်မှု‌ပေ့ါနော်။ တဖက်ကလည်း ကာကွယ်ဆေးထိုး စီမံခန့်ခွဲမှု သတင်းအချက် စနစ်ပေါ့ ဒီဟာတွေနဲ့ အကုန်ညှိနှိုင်းရတယ်။ ပညာရေးဝန်ကြီးဌာနက။ တကယ်တမ်းကျတော့ လုပ်ငန်း ပမာဏလည်း ကြီးမားတယ်။ ပြင်ဆင်ရမယ့်အပိုင်းကလည်း တော်တော်ပြင်ဆင်ရတယ်။ ဝန်ကြီးဌာနပေါင်းစုံ ပေါ့နော်။ တော်တော်ပါရတယ်ဗျ။ တော်တော်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါပေမယ့်လည်း ကျနော်တို့က ဘာပဲပြောပြောပေါ့ ဒီအချိန်မှာ ကလေးတွေ ပညာရေးပုံမှန်ပြန်လည်ရရှိဖို့အတွက် သူတို့အနေနဲ့ ဘေးကင်း လုံခြုံစိတ်ချစွာနဲ့ ကျောင်းတက်နိုင်ဖို့အတွက် ကျနော်တို့ကြိုးပမ်းပြီး ‌ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ကာကွယ်ဆေးထိုးရာတွင် Sinovac ကာကွယ်ဆေးကို အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင် Sinovac ကာကွယ်ဆေး ခုနစ်သိန်းကျော်ရှိသည်ဟု သိရသည်။

အောက်တိုဘာ ၁၃ - ၁၄ ရက်တွင် တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ကာကွယ်ဆေးနှစ်သန်း ထပ်မံ ရောက်ရှိမည်ဖြစ်သဖြင့် ကာကွယ်ဆေးစုစုပေါင်း ၂ ဒသမ ၇ သန်း (လူဦးရေ ၁ ဒသမ ၃၅ သန်း) အသုံးပြု ထိုးနှံပေးရန် ရည်မှန်းထားကြောင်း သိရသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လတွင် အခြေခံပညာကျောင်းများအား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ် ကူးစက်မှုများကြောင့် ဇူလိုင် ၉ ရက်နေ့မှစတင် ပိတ်ထားခဲ့သည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။

ထို့ကြောင့် လက်ရှိ အောက်တိုဘာ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများအား ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ယခုကဲ့သို့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။