ဟောင်ကောင် အောက်တိုဘာ ၅

ဟောင်ကောင်သည် ကမ္ဘာ့ပထမဆုံး Covid-19 ကုသဆေး ဝယ်ယူနိုင်ရေး ကြိုးပမ်းနေကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။ အဆိုပါ ကုသဆေး၏အာနိသင်သည် ကပ်ရောဂါကြောင့် ဆေးရုံတင်ပို့ရခြင်းနှင့် သေဆုံးခြင်းတို့ကို ထက်ဝက်လျှော့ချပေးနိုင်ကြောင်း ၎င်းဆေးကို ထုတ်လုပ်သူများက ပြောသည်။

\MSD ဆေးဝါးကုမ္ပဏီနှင့် ၎င်း၏မိတ်ဖက် Ridgeback ဇီဝဆေးဝါး ထုတ်လုပ်ရေးတို့က ၎င်းတို့စမ်းသပ်မှုများမှ အလားအလာ ကောင်းသော ရလဒ်များကို ထုတ်ပြန်ခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်များသည် အဆိုပါ ဗိုင်းရပ်စ် နှိမ်နင်းရေးဆေးဝါး ရာနှင့်ချီ၍ ဝယ်ယူရန် စီစဉ်ခဲ့ကြောင်း သတင်းရင်းမြစ်များက South China Morning Post သတင်းစာသို့ ပြောကြားခဲ့ ကြ သည်။

၎င်းကိုဗစ်ကုသဆေး စမ်းသပ်မှုဖြစ်စဉ်ထဲတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ အသေးစားနှင့်အလတ်စား ကိုဗစ်ရောဂါသည် ၇၇၅ ဦး ပါဝင်ခဲ့ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါကဲ့သို့ အခြားရောဂါ အခံရှိသူများအတွက် ကိုဗစ်ဝင်ရောက်လာချိန်တွင် ကျန်းမာရေးပြဿနာများ ပိုမိုဆိုးရွားလာသည်ဟု ယူဆခဲ့ကြသည်။ အဆိုပါ စမ်းသပ်မှုဖြစ်စဉ်တွင် ပါဝင်သူအားလုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။

 

Photo - AP

ပါဝင် အစမ်းသပ်ခံသူများ၏ ထက်ဝက်သည် မော်နျူပီရာဗာ(molnupiravir) ဟု ခေါ်သော အညိုရောင်ဆေးတောင့်အသွင်ရှိ စမ်းသပ်ဆဲဆေးဝါးကို ၅ ရက်တိတိ နေ့စဉ် နှစ်ကြိမ်သောက်စေခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။

ရလဒ်များပေါ်ထွက်လာသည့်အခါ ဆေးပေးသည့် လူနာများထဲမှ ၂၈ ယောက် (သို့မဟုတ်) စုစုပေါင်း အစမ်းသပ်ခံဦးရေ၏ ၇ ဒသမ ၃ ရာခိုင်နှုန်းသာ ဆေးရုံတင်ရသည့်အဆင့် ရောက်ရှိခဲ့သည်။ အစမ်းသပ်ခံ လူဦးရေထဲမှ ၅၃ ဦး (သို့မဟုတ်) ၁၄ ဒသမ ၁ ရာခိုင်နှုန်းကို ပလေစီဘို(placebo) ဟု ခေါ်သည့် ခေတ်သစ် ကုထုံးရရှိသူအုပ်စုနှင့် နှိုင်းယှဉ်စဉ်းစားခဲ့ကြသည်။

အဆိုပါစမ်းသပ်မှုအပြီးတွင် ၎င်းဆေးဝါးကို သောက်သုံးကြည့်သူများအကြား သေဆုံးမှု လုံးဝမရှိကြောင်း ကြေညာနိုင်ခဲ့သည်။ ပလေစီဘို ကုထုံးသစ်အုပ်စုတွင်တော့ ၈ ဦးသေဆုံးခဲ့သည်။ သို့သော် စမ်းသပ်မှုမှ ထွက်ပေါ်လာသော အချက်အလက်များကို သက်တူရွယ်တူအုပ်စု ထပ်မံခွဲ၍ ပြန်လည်သုံးသပ်ခြင်းတော့ မရှိသေးပေ။ ထို့ပြင် ၎င်းကိုဗစ်ကုသဆေးကို လက်တွေ့ သုံးစွဲနိုင် ရန် လိုင်စင်လည်း မရှိသေးပေ။

မည်သို့ပင်ဆိုစေကာမူ ဟောင်ကောင်အာဏာပိုင်များက အဆိုပါဆေးကို ဝယ်ယူရန် ကြိုးစားနေကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ် ၃ ခုက South China Morning Post သတင်းစာသို့ ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“ဟောင်ကောင် အာဏာပိုင်တွေက ကိုဗစ်လူနာအယောက် ၅၀၀ စာအတွက် ဝယ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် သူတို့ လည်း ပိုပြီး သေသေချာချာ စဉ်းစားနေကြတုန်းပဲ” ဟု ဟောင်ကောင်အစိုးရ ကူးစက်ရောဂါဆိုင်ရာ အကြံပေးပါမောက္ခ ဒေးဗစ်ဝှိုင်ရှုချောင် (David Hui Shu-cheong) က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။