အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၁၀
ပါကစ္စတန်နိုင်ငံ နျူကလီးယားအစီအစဉ်၏ ဖခင်အဖြစ် လေးစားခံရသူ အဗ္ဗဒူကွာဒီယာခမ်းသည် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက အောက်တိုဘာ ၁၀ ရက် (ယနေ့) ရေးသားဖော်ပြသည်။
ပါကစ္စတန်နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ အဏုမြူသိပ္ပံပညာရှင် ကွာဒီယာခမ်းသည် မိခင်တိုင်းပြည်ကို ကမ္ဘာ့ပထမဆုံး အစ္စလာမစ် နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေး လှမ်းတက်နိုင်ခဲ့၍ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူး ခံခဲ့ရသည်။
သို့သော် အနောက်အုပ်စုနိုင်ငံများရှိ ဒုစရိုက်ဂိုဏ်းများဆီသို့ နည်းပညာမှောင်ခိုသွင်းရန် တာဝန်ရှိမှုနှင့် အန္တရာယ်ရှိ စေမှုတို့အတွက် ၎င်းကို လက်ညိုးထိုးမှုများ ရှိခဲ့သည်ဟုလည်း ပါကစ္စတန်အစိုးရပိုင် PTV ၏ ထုတ်လွှင့်မှုကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားဖော်ပြသည်။
၎င်း၏ဈာပနကို အစိုးရက တာဝန်ယူမည်ဖြစ်သဖြင့် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်အာရှစ်အာမက်က ဈာပနအစီအစဉ်များ အချောသတ်ရန်အတွက် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။
ပါကစ္စတန်သမ္မတ အာရစ်အယ်ဗီက “ဒေါက်တာကွာဒီယာခမ်းကို မိမိအနေဖြင့် ၁၉၈၂ ခုနှစ်ကတည်းက ကောင်း စွာ သိရှိ လေးစားခဲ့ရကြောင်း၊ ၎င်းကွယ်လွန်သွားခြင်းအတွက် လွန်စွာဝမ်းနည်းမိပါကြောင်း” ထုတ်ဖော်ပြော ကြားခဲ့သည်။
ဒေါက်တာကွာဒီယာခမ်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လက ဆေးရုံတက်၍ ကုသမှု ခံယူခဲ့ရသည်။ လွန်ခဲ့သော ရက်သတ္တပတ်များက နေအိမ်ပြန်ခွင့်ရသော်လည်း ကျန်းမာရေး အခြေအနေ ပိုမိုဆိုးရွားလာ၍ ဆေးရုံ၌ပင် ဆက်နေခဲ့ရသည်။
ဒေါက်တာကွာဒီယာခမ်းသည် ပါကစ္စတန်နိုင်ငံမှ ထုတ်လုပ်သော အဏုမြူဗုံးကို အိန္ဒိယနှင့်တန်းတူဖြစ်အောင် တွန်းပို့ပေးခဲ့ပြီး တိုင်းပြည်၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးနိုင်ခဲ့သဖြင့် အထူးထင်ရှားလေးစားခံခဲ့ရသည်။
သို့သော် သူသည် အီရန်၊ လစ်ဗျားနှင့် မြောက်ကိုရီးယားတို့ကို နျူကလီးယားနည်းပညာများ တရားမဝင် ဖြန့်ဝေခဲ့ သည်ဟု စွပ်စွဲချက်များလည်း ကြုံခဲ့ရသည်။
ထိုကိစ္စများအတွက် နိုင်ငံပိုင်ရုပ်သံလိုင်းတွင် ဒေါက်တာကွာဒီယာခမ်းကိုယ်တိုင် ဝန်ခံခဲ့ပြီး ထိုစဉ်က သမ္မတ ပါဗက်မူရှာရက်ဖ်၏ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း သူ့စိတ်တိုင်းကျ ဆောက်လုပ်ထားသည့် အစ္စလာမ္မာဘတ် မြို့တော်ရှိ နေအိမ်၌ပင် အာဏာပိုင်များ စေလွှတ်သော အစောင့်အကြပ်များ ခြံရံလျက် နေထိုင်ခဲ့ရသည်။
၂၀၀၆ ခုနှစ်တွင် ဒေါက်တာခမ်းသည် ဆီးကြိတ်ကင်ဆာရောဂါဖြင့် သေလုမျောပါး ခံစားခဲ့ရသော်လည်း ခွဲစိတ် ကုသခံယူပြီး ပြန်လည် ကောင်းမွန်လာခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားရုံးတစ်ရုံးက သူ့အပေါ် နေအိမ်အကျယ်ချုပ် အဆုံးသတ်ပေး လိုက်သော် လည်း ဒေါက်တာခမ်း၏ လှုပ်ရှားမှုများကို တင်းကျပ်ထားပြီး အစ္စလာမ္မာဘတ်နေအိမ်မှ ထွက်ခွာတိုင်း အာဏာ ပိုင်များက အစောင့်အကြပ်များ လိုက်ပါစေခဲ့သည်။