မောင်တိန်းဗျူး(ကာလီဖိုးနီးယား)၊ အောက်တိုဘာ ၄
သက်ဆိုင်ရာမှ အတည်ပြုထားသော Covid-19 ကာကွယ်ဆေးများအကြောင်း သတင်းအမှား ဖြန့်ချိနေသော အကြောင်းအရာ နှင့် ဗီဒီယိုဖိုင်များ အားလုံးကို YouTube ပလက်ဖောင်းပေါ်မှ ယခု(အောက်တိုဘာလ)ဆန်း၌ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း YouTube က သတင်းထုတ်ပြန်ခဲ့သည်။
အတည်ပြုထားသော ကာကွယ်ဆေးများသည် အန္တရာယ်ရှိကြောင်း၊ အော်တစ်ဇင် (Autism) နှင့် ကင်ဆာကဲ့သို့ ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ မျိုးပွားခြင်းဆိုင်ရာ ထိခိုက်ကြောင်း ပြောဆိုထားသည့် ဗီဒီယိုဖိုင်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း YouTube ပိုင်ရှင်ဖြစ်သည့် Google ကုမ္ပဏီက သတင်းထုတ်ပြန်သည်ဟု ဘီဘီစီအင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြ ထားသည်။
ကာကွယ်ဆေး မထိုးနှံ၊ မသုံးစွဲရေး မလျော်ဩဇာရှိနေသည့် Account များကိုလည်း YouTube မူဝါဒအရ ရပ်စဲခဲ့သည်။
၎င်းတို့၏ ဝက်ဘ်ဆိုက်အသီးသီးတွင် ကျန်းမာရေး သတင်းအမှားများ ဖြန့်ချိလွှင့်တင်နေခြင်းကို အရေးယူ လုပ်ဆောင်ခဲ့ခြင်း မရှိ၍ အစောပိုင်းက Google နည်းပညာကုမ္ပဏီအချို့မှာ အဝေဖန်ခံခဲ့ရသည်။
သတင်းအမှားများ ဖြန့်ဝေခြင်းဖြင့် ကာကွယ်ဆေးထိုးခြင်းအပေါ် လူအများ ယုံမှား သံသယဖြစ်စေမှုအတွက် လူမှုမီဒီယာ ပလက်ဖောင်းများတွင် အဓိကတာဝန်ရှိနေကြောင်း ပြီးခဲ့သည့်ဇူလိုင်လ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီး ဖြစ်သည်။
ယမန်နှစ်ကလည်း Covid ကာကွယ်ဆေး သတင်းအမှားဖြန့်ဝေနေသည့် ဗီဒီယိုဖိုင်ပေါင်း ၁၃၀,၀၀၀ ကို YouTube က တားမြစ်ခဲ့ရသေးသည်။
Covid ကာကွယ်ဆေးဆိုင်ရာ သတင်းအမှားများ ပျံ့နှံနေသည်ကို Google ကုမ္ပဏီက တွေ့ရှိခဲ့ရသည်ဟု ဆိုကြောင်း Google ဘလော့စ်ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။ Google ၏ မူဝါဒအရ ယခုဖယ်ရှားရှင်းလင်းမှုတွင် ဝက်သက် (သို့မဟုတ်) အသည်းရောင် အသားဝါ (ဘီပိုး)ကာကွယ်ဆေးကဲ့သို့ ယခင်ကတည်းက အတည်ပြုထားသော ကာကွယ်ဆေး ကိစ္စရပ်များပါ အကျုံးဝင်ကြောင်း ဘီဘီစီသတင်းက ဆိုသည်။
“လက်ရှိ စီမံသုံးစွဲနေတဲ့ ကာကွယ်ဆေးတွေအတွက် လမ်းညွှန်ချက်အသစ်တွေနဲ့အတူ တချိန်တည်းပေါ်ပေါက်လာတဲ့ ကျန်းမာရေး သတင်းအတုအယောင်တွေ YouTube ကနေ ဖယ် ရှားဖို့ မူဝါဒကို ကျနော်တို့ ချဲ့ထွင်နေပါတယ်။ အခု ကာကွယ် ဆေးတွေဟာ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က လုံခြုံထိရောက်မှုရှိတယ်လို့ အတည်ပြုပြီးသား ဆေးတွေပါ” ဟု WHO ကို ကိုးကားလျက် Google ဘလော့စ်ပို့စ်တွင် ရေးသားလွှင့်တင်ထားသည်။