CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၂

ယခုနှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ပြောင်းတင်ပို့ရာတွင် ကိုဗစ်ရိုက်ခတ်မှုကြောင့် ပင်လယ်ရေကြောင်း တင်ပို့မှု လျှော့ကျခဲ့သော်လည်း နယ်စပ်တင်ပို့မှုတွင် တိုးလာသဖြင့် လက်ရှိအချိန်ထိ ပြောင်းတန်ချိန် ၂၁ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်က “လောလောဆယ်တော့ ကျွန်တော်တို့ ကိုဗစ်ကြောင့် ပင်လယ်ရေကြောင်း သင်္ဘောတွေနဲ့ တင်ပို့ရတဲ့ အပိုင်းမှာတော့ တင်ပို့မှု လျော့သွားတယ်။ နယ်စပ်ကတင်ပို့တာတော့ တိုးလာတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ပြောင်းတင်ပို့မှုက ကိုဗစ်ကြောင့်ရော နိုင်ငံရေးပြောင်းလဲမှုကြောင့်ရော သိပ်ပြီးတော့ ထိခိုက်လောက်အောင် ပြောပမှုမရှိပါဘူး။ ဈေးကလည်း တောင်သူတွက်ချေကိုက်တဲ့ဈေးပေါ့။ ရေဘူယျအားဖြင့် ပြောရင် ဒီနှစ်က ဈေးကောင်းရတဲ့နှစ်လို့ ပြောလို့ရတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပုံမှန်အားဖြင့် အိမ်နီးနားချင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြန်မာပြောင်းက ဈေးနှုန်းအနည်းဆုံး ဖြစ်သော်လည်း ယခုဈေးမှာ ပြောင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ၂၆၀ အထက် အထိ ရရှိခဲ့သဖြင့် ဈေးနှုန်း ကောင်းသည့် နှစ်ဟု ပြောခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောပြသည်။

နယ်စပ်မှ ပြောင်းတင်ပို့ရာတွင် မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ အခွန်လွတ်စနစ်ဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ် ၃၁ ရက်နေ့အထိ တင်ပို့ခြင်းနှင့် လာအိုနိုင်ငံသို့ ကျိုင်းလတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တင်ပို့ခြင်းတို့မှ တရားဝင်တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာဘက်က တရားဝင်ဖြစ်သော်လည်း တစ်ဖက်နိုင်ငံဘက်က တရားဝင်မဟုတ်သောကြောင့် နယ်စပ်ဂိတ်တွင် ပိတ်လိုက်၊ ဖွင့်လိုက် အမြဲလုပ်လေ့ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းတင်ပို့ရာတွင် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှုများလည်း ရှိကြောင်း၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံ သို့ တင်ပို့ပြီး စင်ကာပူမှတစ်ဆင့် ဗီယမ်နမ်နှင့် အခြားနိုင်ငံများသို့ ဆက်သွားသည်များလည်း ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုစာရင်းများအရ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြောင်းတန်ချိန် ၁၄ သိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ၂၂ သိန်း ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

#Corn
#China
#India
#Singapore
#Vietnam
#Lao
#Thai
#Dollar
#Myawaddy
#MinKhaing
#Covid-19
#CNINews
#CNIMyanmar
#ChannelNewsIndependent