CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၂

ပြည်တွင်း၌ အမေရိကန် ၁ ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၁၇၀၀ ဝန်းကျင်ရောက်ရှိသွားသည့်အတွက် ယနေ့ မြန်မာ့ရွှေ ဈေးကွက် မဖွင့်နိုင်ကြောင်း လုပ်ငန်းရှင်များထံက စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က "လာမယ့် တနင်္လာနေ့လောက်မှ အသင်းရုံးက ပြန်ဖွင့်မှာဖြစ်တယ်။ အခုကတော့ ဒေါ်လာဈေးတက်လို့ ဖြစ်နေတာပါ။ ကမ္ဘာ့ရွှေဈေးကျတယ်။ ဒေါ်လာဈေးတက်လို့ ဈေးနှုန်းလည်း နည်းနည်းမြင့်တာ။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ကန်ဒေါ်လာ ၁၇၀၀ ကျော်ပဲ ရှိတော့တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးကို ပိတ်ထားသော်လည်း အသင်း၏ Facebook နှင့် Website တို့တွင် နေ့စဉ် ရွှေဈေးနှုန်းများကို တင်လေ့ရှိပြီး ယခု ဩဂုတ်လ ၁၂ ရက်၌ ပြည်တွင်းဒေါ်လာဈေး လဲလှယ်နှုန်း ၁ ဒေါ်လာ ကျပ် ၁၇၀၀ ၀န်းကျင်သို့ ရောက်ရှိသွားချိန်မှာ ရွှေဈေးနှုန်းများ သတ်မှတ်ထားခြင်းမရှိကြောင်း တွေ့ရသည်။

မြန်မာ့ရွှေဈေးသည် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်ညနေပိုင်းတွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၅ သိန်း ၈ သောင်းကျော် အထိရှိခဲ့ပြီး ကမ္ဘာ့ရွှေတစ်အောင်စ ၁၆၆၀ ဝန်းကျင်ရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေးများ မြှင့်တက်နေခြင်း၊ ဒေါ်လာငွေ လဲလှယ်နှုန်းများ မြှင့်နေခြင်းတို့ကြောင့် မြန်မာ့ရွှေဈေးမှာ လိုက်ပါ မြင့်တက် လာသည့်အပြင် COVID-19 ကူးစက်မှု နှုန်းမြင့်လာခြင်းကြောင့်လည်း လုပ်ငန်းလုပ်ကိုင်သူများက ရွှေဘက်သို့ ဦးလှည့်လာ သည့်အတွက် မြန်မာ့ရွှေဈေး အတက်ဘက်သို့ ရောက်လာကြောင်း သိရသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာရယူပြီး နောက်တစ်နေ့တွင်လည်း စိုးရိမ်ပူပန်မှုများကြောင့် ကုန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်လာရာမှ မြန်မာ့ ရွှေဈေးကွက် ပိတ်လိုက်ရသည်အထိ ဈေးနှုန်းများ မြင့်တက်မှု ရှိခဲ့သည်။

လက်ရှိ ရန်ကုန်ရွှေဈေးကွက်တွင် ယခင်က တစ်ရက်လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုကာလတွင် တစ်ရက် ရွှေပိဿာချိန် ၅ ပိဿာမှ ၁၀ ပိဿာ ကြားသာ အရောင်း အဝယ်ဖြစ်နေပြီး လာမည့် ရာသီကာလကလည်း ရွှေဈေး အရောင်းအဝယ်လုပ်သည့် ကာလဖြစ်သောကြောင့် ရွှေကုန်သည်များအနေနှင့် သတိထားကာ ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

#CNINews
#CNIMyanmar
#ChannelNewsIndependent
#Gold
#Dollar
#MyoMyint
#ExchangeRate