CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃

လွဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်နေ့အထိကို အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် ၎င်းရက်များအတွင်း ဘဏ်များအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယနေ့ ကြေညာထားသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ် ရက်ကို နစက-က ထပ်မံ ထပ်တိုးသတ်မှတ်ခဲ့ရာတွင် ယခင်က ထူးခြားသည့် အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ တစ်ဆက်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ဩဂုတ် ၂၂ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားသည်။

ယခု ဘဏ်များပိတ်ခြင်းသည် အထက်ပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက်သော်လည်းကောင်း မည်သည့်အတွက် ပိတ်ခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လှိုင်သာယာာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင် ကိုမျိုးသူ(အမည်လွှဲ)က “ပိတ်လိုက်တာတော့ ဘာကြောင့်ပိတ်လိုက်လဲ ကျနော်တို့ နားမလည်ဘူး။ အရမ်းထိခိုက် မလားဆိုတာတော့ ကျနော်တို့ အိတ်စပို့ လုပ်ငန်းက လကုန်ပြီး ၅ ရက်မှ လစာ ထုတ်တာဆိုတော့ သိပ်တော့အများကြီး ထိခိုက်မယ်လို့ မထင်ဘူး။ ဒါပေမယ့် နောက်တစ်ပတ် ဆက်ပိတ်ရင်တော့ ပြဿနာ ရှိနိုင်တယ်။ ဘာလို့ ပိတ်လိုက်လဲ ဆိုတာတော့ တော်တော်သိချင်တယ်။ ခါတိုင်းက ဒီလို ရောဂါပြင်းထန်နေတဲ့ အချိန်မှာ လူတွေက ပိုက်ဆံလိုတယ်လေ။ အနည်းနဲ့ အများတော့ ပိုက်ဆံက ထုတ်ပေးရမယ်လေ။ အခုပိတ်လိုက်တာဆိုတော့ တော် တော်လေးတော့ ဂယက်ရိုက်သွားမှာ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆက်လက်၍ ၎င်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး လက်ရှိ တာဝန်ယူထားသူများအနေနှင့် ထိထိရောက်ရောက် လုပ် ဆောင်ရန် လိုအပ်နေပြီး ယခုလို တစ်ပတ်ပိတ်လိုက် နောက်ထပ် ထပ်တိုး တစ်ပတ်ပိတ်လိုက် ပုံစံနှင့် သွားနေခြင်းက အဆင်မပြေနိုင်ကြောင်း ဆိုသည်။

“ဒါက အမြစ်မပြတ်နိုင်လို့ ရေရှည်ပိတ်ရက်ဆွဲ သွားရင် တော်တော်ဒုက္ခရောက်မှာ ကျနော်တို့ လုပ်ငန်းတွေဆိုရင် Customer တွေက အော်ဒါချဖို့က မချနိုင် ဖြစ်နေတယ်။ ဘယ်သူပဲ လုပ်လုပ် ပြတ်ပြတ်သားသား လုပ်မှ ရမယ်။ စာရွက်ပေါ်မှာ စာထုတ် ပြီး လုပ်နေလို့ မရဘူး။ လူတွေက ကြောက်လို့သာ မဖွင့်တာလေ။ တချို့ မကြောက်ဘဲသွားနေတဲ့ သူတွေ တစ်ပုံကြီးပဲ။ Stay at Home သာပြောတာ အကုန်လုံးထွက်နေကြတာပဲ။ အခုဘဏ်က ထပ်ပိတ်တော့ ပိုမဆိုးဘူးလား။ ဒါကို သုံးသပ်ပြီး အမြန် ဆုံး ဖြေရှင်းပေးစေချင်တယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဘဏ်များ ထပ်တိုးပိတ်လိုက်သော်လည်း ကုန်ထုတ်စွမ်းအား မကျဆင်းစေရေးအတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက် ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရန် ယခင်က ကြေညာထားပြီး ယခုထပ်တိုးပိတ်ရက်တွင် ၎င်း စက်ရုံများ ပိတ်ရမည်/မပိတ်ရမည်ကိုလည်း သိရခြင်း မရှိသေးပေ။

#ဗဟိုဘဏ်
#ဘဏ်လုပ်ငန်းများ
#ရုံးပိတ်မည်
#ကိုဗစ်၁၉
#ကျန်းမာရေး
#စီးပွားရေး
#လုပ်ငန်းလည်ပတ်မှု
#လုပ်ငန်းရှင်
#CNImyanmar
#cninews
#ChannelNewsIndependent