CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၃

K-pop ကြယ်ပွင့်ဟောင်း ဆောင်းရီ(Seungri)ဟာ မဖွယ်မရာ လိင်ကိစ္စနဲ့ မူးယစ်ဆေးအရှုပ်တော်ပုံတွေကြောင့် ရာဇဝတ်ကျူးလွန်မှုနဲ့တခြားစွဲချက်တွေ အတင်ခံရပြီး ဩဂုတ် ၁၂ ရက်မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ တောင်ကိုရီးယားမှလာတဲ့သတင်းတွေကို ကိုးကားပြီး Channel News Asia က ရေးသား ဖော်ပြပါတယ်။

BigBang အဖွဲ့ဟာ ၂၀၀၆ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ပြီး နာမည်ကျော်ကြားခဲ့တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာခဲ့သူ ဆောင်းရီဟာ စီးပွားရေးဘက်မှာလည်း တော်တော်လေးအလုပ်ဖြစ်ခဲ့ပြီး သူ့စီးပွားရေးအတွက် အလားအလာကောင်းတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် လိင်ကိစ္စဝန်ဆောင်မှုများ စီစဉ်ပေးခြင်းအပြင် တရားမဝင်နိုင်ငံခြားငွေလဲလှယ်မှုတွေနဲ့ ဆက်စပ်နေတဲ့ လာ့စ်ဗီးဂက် (Las Vegas) က ဇိမ်ခံ ကာစီနိုဝိုင်း တွေမှာလည်း လောင်းကစားမှုတွေ ကျူးလွန်ခဲ့ပါတယ်။

Photo-Korea Times

အမျိုးသားအဆိုတော်များစုစည်းထားတဲ့ တစ်ချိန်က နာမည်ကြီး BigBang အဖွဲ့မှ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆောင်းရီဟာ စီးပွားဖြစ်လုပ်ငန်းတွေကနေ အနားယူပြီးနောက်ပိုင်းမှာ စစ်တပ်ထဲ ရောက်ရှိသွားခဲ့ပါတယ်။ စစ်ရေးတာဝန်ထမ်းဆောင်နေတုန်းမှာပဲ သူ့အပေါ် စွဲချက်တင်ခဲ့တဲ့ အမှု ၉ မှုစလုံးမှာ ပြစ်မှုထင်ရှားကြောင်း တွေ့ရတယ်လို့ တောင်ကိုရီးယားအနုပညာသတင်းရပ်ကွက်မှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

ဆောင်းရီဟာ ရဲတွေရဲ့စစ်ဆေးမေးမြန်းခြင်း ခံယူခဲ့ရပြီး တရားရုံးမှာလည်း သူ့ဘက်က သက်သေတွေကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဆောင်းရီအနေနဲ့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရတဲ့အတွက် (ကိုရီးယား) ဝမ် ၁.၁၅ ဘီလီယံ (စင်ကာပူဒေါ်လာ ၁.၃၄) ပြန်လည်ပေးဆပ်ဖို့လည်း ရုံးတော်က အမိန့်ချခဲ့ပါတယ်။

Photo - AFP

ဆောင်းရီရဲ့ အေဂျင်စီဟောင်းနဲ့ K-pop စီမံခန့်ခွဲမှုကုမ္ပဏီထဲက အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ YG ဖျော်ဖြေရေးအေဂျင်စီမှ တခြားဂီတသမားတွေနဲ့ ဝန်ထမ်းတွေအပေါ်ကိုလည်း ရုံးတော်က စွဲချက်တွေ တင်ခဲ့ပါတယ်။ အဲဒီအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ယောင်ဟွန်ဆက်(Yang Hyun-suk)သည်လည်း ရာထူးမှနုတ်ထွက်ဖို့ လှုံ့ဆော်ခံနေရပြီး တရားမဝင်လောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်တယ်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းရီကို စီရင်ချက်ချပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာမှာ အဲဒီပြစ်ဒဏ်တွေဟာ သူကျူးလွန်ခဲ့တာတွေနဲ့ မညီမျှဘဲ ပေါ့ပါးလွန်းတယ်ဆိုပြီး ဝေဖန်သံတွေလည်း ကျယ်လောင်သွားခဲ့ပါတယ်။
ကိုရီးယားအမျိုးသားတိုင်း စစ်မှုမထမ်းမနေရသတ်မှတ်ချက်အရ စစ်မှုထမ်းကာလ မပြည့်မီ တစ်လအလိုမှာ ဆောင်းရီအပေါ် အခုလို စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။

Source: Channel News Asia (CNA)

#Seungri

#ကိုရီးယား

#Korea

#Bigbang

#လိင်ကိစ္စ

#ပြည့်တန်ဆာ

#Cninews

#CNIMyanmar

#ChannelNewsIndependent