CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၃

 လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသော မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် သုံးဘဏ် ပိတ်သိမ်းသွားရန် ရှိနေသည် ဆိုသော ရေးသားနေမှုများမှာ မဟုတ်မှန်ကြောင်း မည်သည့် ပုဂ္ဂလိဘဏ်ကိုမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပိတ်သိမ်းခိုင်း ခြင်း မရှိကြောင်းနှင့် ပိတ်သိမ်းရန်မရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

“အခုအွန်လိုင်းမှာ တောက်လျှောက်တက်နေတဲ့ ပုဂ္ဂလိက ဘဏ် ၃ ခုကို ဖျက်သိမ်းမယ်။ ဒေဝါလီခံမယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒါသပ်သပ် နိုင်ငံတော်စီးပွားရေးစနစ်ကို ကမောက်ကမ ဖြစ်အောင် ပြည်သူလူထုကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တဲ့သတင်းပဲ။ ဒါလုံးဝမမှန်ဘူးလို့ အတည်ပြုပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

လာမည့် ၁၆ ရက်မှ ၂၀ ရက်အထိ ဗဟိုဘဏ်အပါအဝင် အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ တစ်ပတ်ပိတ်ခြင်းမှာလည်း လက်ရှိတွင် ဘဏ်လုပ်ငန်းကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိလာခြင်း၊ Positive လူနာနှင့် ဆက်စပ်သည့် ကွင်း ဆက် လူနာများကွာရတင်း ဝင်ရခြင်းများ ရှိလာသောကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘဏ်များ ပေါင်းပြီး ဖွင့်ရ ခြင်း၊ ကူးစက်မှု တက်လာခြင်း စသည့် အခြေအနေ အရပ်ရပ်များကြောင့် ပိတ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

ဘဏ်ပိတ်သော်လည်း ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် ပုံမှန် အွန်လိုင်း ငွေပေးချေမှု စနစ်များ၊ အေတီအမ် စက်များတွင် ငွေထုတ်ယူခြင်းတို့ကို တောက်လျှောက် လုပ်ကိုင်ပေးသွားမည် ဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဘဏ်များကို ပိတ်သိမ်းပြီး ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန် များကို ရုပ်သိမ်းမည်ဆိုသော သတင်းသည် အမှန်တကယ်မဟုတ်ဘဲ သတင်းမှားသာဖြစ်ကြောင်း ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

#ဦးဝင်းသော် #ဗဟိုဘဏ် #ဘဏ်ပိတ်မည်မဟုတ် #သတင်းမှားသာဖြစ် #ပြည်သူလူထု #စိုးရိမ်မှု #ဘဏ်လုပ်ငန်းများ #ပုံမှန်လည်ပတ်မည် #ကိုဗစ်၁၉ #စီးပွားရေး #မြန်မာနိုင်ငံ #CNImyanmar #cninews #ChannelNewsIndependent