CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၄

ဆမ်ဆောင်း (Samsung) ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဂျေးဝိုင်လီသည် ထောင်ဒဏ်နှစ်နှစ်ခွဲ ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးနောက် ၇ လဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်အရ သိရသည်။ ၎င်းသည် စီးပွားရေး အကြောင်းပြချက်များဖြင့် လာဘ်ပေးလာဘ်ယူမှု (သို့မဟုတ်) အခွန်ရှောင်မှုတို့ကြောင့် ထောင် ဒဏ်ကျခံနေရသော စီးပွားရေး လုပ်ငန်းရှင်များကို ပြန်လည်စေလွှတ်ပေးသည့် နောက်ဆုံးဖြစ်ရပ်ဟု ဆိုသည်။

ဖို့ဘ်(Forbes) မဂ္ဂဇင်း၏ ဖော်ပြချက်အရ ကမ္ဘာပေါ်တွင် ၂၀၂ ယောက်မြောက် အချမ်းသာဆုံးဖြစ်သူ ဂျေးဝိုင်လီသည် လာဘ် ပေး လာဘ်ယူမှုဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလက ထောင် ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ ဟောင်း ပက်ချုံဟီး (Park Geun-hye) အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ဆက်စပ်၍ ငွေကြေးအလွဲသုံးစားခြင်းနှင့် အခြား ပြစ်မှုများ စိစစ်ဖော်ထုတ်ခဲ့ရာမှ ဂျေးဝိုင်လီလည်း ‘တနွယ်ငင် တစင်’ပါခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာသေးမီလများအတွင်းက တောင်ကိုရီးယား၏ အကြီးမားဆုံး လုပ်ငန်းစုတစ်ခုဖြစ်သော ဆမ်ဆောင်းတွင် ခေါင်းဆောင်ပိုင်း အားနည်းခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေရသော စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများကို အဆောတလျင် ပြန်လည်စေလွှတ်ပေးရန် တောင်းဆိုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေးအပေါ် သက်ရောက်မှုများကြောင့် စိုးရိမ်မှု တိုးပွားလာချိန်တွင် ခန့်မှန်းခြေ အကျဉ်းသား ၈၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက် တွင် ကြေညာခဲ့သည်။

ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌ ဂျေးဝိုင်လီက ဩဂုတ် ၁၃ ရက်၌ ဆိုးလ်မြို့တောင်ဘက်ရှိ အကျဉ်းစခန်း အပြင်ဘက်တွင် စောင့် ဆိုင်းနေကြသော သတင်းထောက်များကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး “ကျနော့်အနေနဲ့ ပြည်သူတွေကို စိတ်ပူစေခဲ့မိတယ်။ ကျနော်တကယ်တောင်းပန်ပါတယ်” ဟု ပြောကြားခဲ့သည်။

မီးခိုးရောင်ဝတ်စုံကို ဆင်မြန်းထားသည့် အသက် ၅၃ နှစ်ရှိ ဂျေးဝိုင်လီသည် ပြီးခဲ့သည့်ဇန်နဝါရီလ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရစဉ် ကထက် ပိုမိုပိန်ပါးသွားခဲ့သည်။ ဆိုးလ်မြို့တရားရုံးက ထောင်ဒဏ်ချမှတ်ပြီးနောက် ယင်းပြစ်ဒဏ်ကို ၇ လ ကျခံခဲ့ရသည်။

“ကျနော့်အတွက် စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေနဲ့ မျှော်လင့်ချက်တွေနဲ့ ပြောဆိုသမျှ ကျနော် နားထောင်နေပါတယ်။ ကျနော် အလုပ်ကြိုးစားမယ်ဗျာ” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: Aljazeera

#Samsung

#ဆမ်ဆောင်း

# ဒုတိယဥက္ကဋ္ဌ

#တောင်ကိုရီးယား

#လွတ်ငြိမ်းချမ်းသာ

#CNINews

#CNIMyanmar

#ChannelNewsIndependent