CNI NEWS

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၄

အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်နေ့တွင် ဘဏ်များအားလုံး ကို ပိတ်ထားသော်လည်း Online Banking ၊ Digital Banking များသည် ပုံမှန်အတိုင်း အသုံးပြု၍ရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဆိုသည်။

"ဘဏ်ပိတ်သော်လည်းပဲ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ပုံမှန် Online Banking တွေ၊ Digital Banking တွေကတော့ တောက်လျှောက် အရင်အတိုင်းပဲ သွားလို့ရပါတယ်။ Paymant System တွေ အားလုံး ရော Online နဲ့ သုံးတဲ့ဟာ အားလုံးမပျက်ကွက်အောင် ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။ ATM စက်တွေမှာ ငွေထုတ်တဲ့ ကိစ္စတွေလည်း ပုံမှန်အတိုင်းဖြစ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပိတ်ရက်သည် Banking Syatem ကိုလည်း အနှောင့်အယှက်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ ဘဏ်များ တစ်ပတ်ပိတ်လိုက်သည့်အတွက် Export ၊ Inport လုပ်ငန်းများ ရပ်သွားနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဘဏ်များမှ ရုံးချုပ်ဘဏ် တစ်ဘဏ်ခန့် ဖွင့်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဆိုသည်။

စီးပွားရေးလုုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ကာစတန်ရုံးတော့ သူဖွင့်တယ်လို့ပြောထားတယ်။ ကာစတန်ရုံးမှာ က သူက ဂျူတီဆောင်ဖို့အတွက်က ကြိုတင်ပြီးတော့ ပိုက်ဆံကို ပြီးခဲ့တဲ့ အပတ်ကတည်းက သွင်းထားရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် ဒီကြားမှာတော့ ဒီရှေ့အပတ်မှာတော့သွင်းမယ်။ ဆိပ်ကမ်းပစ္စည်းရောက်တယ် ထုတ်မယ်ဆိုရင်တော့ ငွေသွင်းလို့ မရတော့ဘူး။ ဒီကာစတန်ရုံးဖွင့်ပေမယ့်လည်း Run လို့က မရဘူးပေါ့နော် ” ဟု ပြောသည်။

ထို အများပြည်သူ အလုပ်ပိတ်ရက်တွင် ဘဏ်များအား ပိတ်ရခြင်းမှာ ဘဏ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကူးစက်မှုများ ရှိလာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က “ပိတ်ရက်ထဲမှာ လုပ်ငန်းတွေ မပျက်အောင် မရပ် အောင် ဆိုပြီး ဗဟိုဘဏ်နဲ့ ဘဏ်တွေကို ချန်လှပ်ပြီးထားခဲ့တာ ဖြစ်ပါတယ်။ သုံးပတ်ဖြစ်သွားတော့ ကျနော်တို့ ဗဟိုဘဏ်အပါအဝင် ဘဏ်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ကူးစက်မှုတွေ ရှိလာပါတယ်။ Positive လူနာနဲ့ပတ်သက်တဲ့ Contacts တွေက Quarantine ဝင်ရတာတွေ ရှိလာပါတယ်။ အဲ့ဒီအခါ လုပ်ငန်း လုပ်ရတဲ့ နေရာမှာ ဘဏ်သုံးဘဏ်ပေါင်းပြီးမှ တစ်ဘဏ်ဖွင့်ရတာတို့ အခက်အခဲရှိလာပါတယ်။ ရောဂါပြန့်ပွား မှုနှုန်းကလည်း ဘဏ်တွေထဲမှာ တက်လာပါတယ်။ ဒီအတွက်ကြောင့် အခြေအနေ အရပ်ရပ်အရ အများပြည်သူ ရဲ့ ကျန်းမာရေးအရ ပိတ်တဲ့နည်းတူ ဗဟိုဘဏ် အပါအဝင် ဘဏ်တွေကလည်း ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အနေနဲ့ ပိ်တ်တာဖြစ်ပါတယ်” ဟု ဆိုသည်။

လွဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်နေ့အထိကို အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် ၎င်းရက်များအတွင်း ဘဏ်များ အားလုံးကိုပါ ပိတ်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၁၃ ရက်နေ့က ကြေညာထားခြင်းဖြစ်သည်။

#ဦးဝင်းသော်
#ဒေါက်တာစိုးထွန်း
#ဗဟိုဘဏ်
#ဘဏ်လုပ်ငန်း
#စီးပွားရေး
#လုပ်ငန်းရှင်
#ငွေကြေး
#မြန်မာနိုင်ငံ
#ဘဏ်စနစ်
#CNImyanmar
#cninews
#ChannelNewsIndependent