CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၆
Ong Bak မင်းသားဟု အောင်မြင်ကျော်ကြားခဲ့သော ထိုင်းအက်ရှင်မင်းသား တိုနီဂျား (Tony Jaa)သည် သည်းခြေ အိတ် ကင်ဆာအတွက် ဆေးကုသမှု ခံယူနေရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တိုနီဂျားသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထိုရောဂါ ဖြစ်ပွားနေကြောင်း စတင် သိရှိခဲ့သည်ဟု FM91 ရေဒီယိုက ဖော်ပြခဲ့သည်။
တိုနီဂျား၏ ကင်ဆာရောဂါ အခြေအနေမှာ အဆင့် ၃ ဖြစ်ပြီး အဆင့် ၄ သို့ ကူးပြောင်းလုနီးပါး အခြေအနေ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက Nine Entertain သို့ ပြောကြားခဲ့သည်။
သို့သော် Channel 3 သတင်းဌာန၏ ဖော်ပြချက်အရ တိုနီဂျား၏ အခြေအနေမှာ ကီမို ဆေးသွင်း ကုသမှုကြောင့် သက်သာလာသော်လည်း ဆရာဝန်များ၏ အနီးကပ်စောင့်ကြည့်မှု လိုအပ်နေသေးကြောင်း သိရသည်။
လတ်တလော ထွက်ပေါ်လာသည့် လူမှုမီဒီယာပေါ်မှ ဓာတ်ပုံများတွင် တိုနီဂျားသည် သိသိသာသာ ပိန်သွားသည် ကို တွေ့ရှိရသဖြင့် ပရိသတ်များက စိုးရိမ်ပူပန်နေကြသည်။
တိုနီဂျား၏ Facebook စာမျက်နှာတွင်မူ ရောဂါနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။

Ong Bak မင်းသား တိုနီဂျားကို တွေ့ရစဉ်
ဇန်နဝါရီ ၃၁ ရက်နေ့က တင်ခဲ့သော နောက်ဆုံးပို့စ်တွင်မူ ၎င်း၏ တေးသီချင်း ဗွီဒီယိုအသစ်အတွက် လေကြောင်း ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း ပရိသတ်များကို အသိပေးထားသည်။
တိုနီဂျားသည် မကြာသေးမီက ထွက်ရှိထားသည့် One More Round တေးသီချင်း ဗွီဒီယိုကို ရည်ညွှန်းပြီး “ခရီးစဉ်က စတင်တော့မှာပါ။ နောက် တစ်ချီပေါ့ (One More Round)” ဟု ရေးသားထားသည်။
တိုနီဂျားသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် (Surin) တွင် မွေးဖွားပြီး အမည်ရင်းမှာ တတ်ချာကွန်း ယီယမ် (Tatchakorn Yeerum) ဖြစ်ကာ ပြည်တွင်း၌ ဂျာဖနွမ် (Ja Phanom) ဟု လူသိများသည်။
တိုနီဂျားသည် အသက် ၁၀ နှစ်သား အရွယ်မှစပြီး မွေထိုင်း (Muay Thai) လက်ဝှေ့ကို လေ့ကျင့်ခဲ့ပြီး စတန့်သမား အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် Ong Bak ရုပ်ရှင်ဖြင့် အောင်မြင်ကျော်ကြား လာခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
