CNI NEWS
၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၂
ပြင်ပပေါက်ဈေး ကျပ်သုံးသောင်းဝန်းကျင်ခန့်ရှိသည့် သွေးကျဲဆေး Enoxaprin 0.4 တစ်ချောင်းအား ၇၀၀၀ ကျပ်နှင့် Enoxaprin 0.6 တစ်ချောင်းအား ၈၅၀၀ ကျပ်ဖြင့် ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN (Hindu Oxygen Rescue Network) မှ ရောင်းချပေးလျက်ရှိသည်။
ရန်ကုန်မြို့ ၅၁လမ်းရှိ စရီ ဝါရသရာဂျာ ပေရူမာလ် မဟာဗီဿနိုး ဘုရားကျောင်းရှေ့ ခန်းမဆောင် တွင် ရောင်းချပေးနေခြင်းဖြစ်ကာ လူတစ်ဦးလျှင် ၃ချောင်းနှုန်းဖြင့်သာ ရောင်းချပေးကြောင်း HORN အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
HORN အဖွဲ့ဝင် ကိုအောင်အောင်က “ပုံမှန်လူတစ်ယောက်လာဝယ်ရင် ၃ခုပဲရောင်းချမယ်။ အဲ၃ခုမှာမှ လူနာ နာမည်ရယ်၊ အသက်ရယ်၊ မြို့နယ်ရယ်ပေါ့။ အဲ့လိုမျိုး စာရင်းကောက်ပြီးတော့ စနစ်တကျရောင်းတယ်။ တကယ်လိုအပ်တယ်။ အခမဲ့လာယူမယ်ဆိုရင်တော့ Video Call နဲ့ ခေါ်ပြီးတော့ ကြည့်တာပေါ့နော်။ တကယ်လိုအပ်ချက်ရှိလား။ သူက တကယ်လူနာအစစ်လား။ တကယ်ဖြစ်တယ်ဆိုရင် ၅ချောင်းအထိ အခမဲ့ပေးတာပေါ့နော်။ တစ်ရက်ကို တချို့တွေက နှစ်လုံးထိုးရတယ်။ တစ်လုံးထိုးရတာ ရှိတဲ့အတွက် အဲ့လိုမျိုး ၅လုံးအထိတော့ပေးတယ်။ အခမဲ့” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ်တတိယလှိုင်းအတွင်း၌ ပြည်တွင်းတွင် ဆေးဈေးနှုန်းများအား အဆမတန်ဈေးမြင့်တက် ရောင်းချလျက်ရှိသည်။
ထို့သို့ ဈေးအဆမတန်မြင့်တက်နေသည့် ဈေးကွက်အား ဖြိုချင်သည့်ရည်ရွယ်ချက်၊ ပြည်သူများ အလွယ်တကူဆေးရရှိရန် ရည်ရွယ်ချက်တို့ဖြင့် ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးတင်ရောင်းချတဲ့သူတွေအားလုံးက သူတို့ မတန်တဆ အမြတ်တွေယူပြီး ဒီချိန်မှာ မလုပ်သင့်ဘူးပေါ့နော်။ အားလုံး တစ်နိုင်ငံလုံး ဒုက္ခရောက်နေတဲ့အချိန် ကိုယ့်နိုင်ငံသားအချင်းချင်း သင့်တင့်တဲ့အမြတ်ကိုပဲ ယူရမှာပေါ့နော်။ အမြတ်ကိုယူပြီးရောင်းရင် သူတို့ဘဝ အဆက်ဆက်အတွက်လည်း ကောင်းမှာပေါ့နော်။ အခုလိုမျိုးရောင်းတဲ့အတွက် လူတွေက အသက်တွေ အများကြီးဆုံးရှုံးရတယ်။ အဲ့လိုအသက်တွေ ဆုံးရှုံးရတော့ ဘာသာပေါင်းစုံက ထပြီး အခုလို ဈေးကွက်ဖြိုဖို့ရည်ရွယ်ချက်နဲ့ အများကြီး ထလာတာပေါ့နော်” ဟု ၎င်းကဆိုသည်။
ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN သည် သွေးကျဲဆေးရောင်းချပေးနေသည်မှာ ယနေ့အထိ သုံးရက်ရှိပြီဖြစ်ပြီး ဆေးရောင်းချချိန်အား နံနက် ၁၀နာရီမှ ၁၂နာရီခန့်အထိ သတ်မှတ်ထားကြောင်း သိရသည်။
#HORN
#Enoxaprin
#AungAung
#HinduOxygenRescueNetwork
#CNINews
#CNIMyanmar
#ChannelNewsIndependent