CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁

အောင်ဘာလေထီ ရောင်းအားမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ရောင်းအားကျဆင်းခဲ့ရာ ကျဆင်းသည့် အနေအထားသာ ဆက်ရှိနေမည်ဖြစ်ကြောင်း ထီရောင်းချသည့် လုပ်ငန်းရှင်များထံက သိရသည်။

ထီလုပ်ငန်းရှင် ဦး၀င်းကို (အမည်လွှဲ)က “အောင်ဘာလေထီ ရာခိုင်နှုန်းက နဂိုတုန်းက ရောင်းခဲ့တဲ့ အက္ခရာ အလုံး ၄၀ တို့ ဘာတို့က မဖြစ်နိုင်တော့ဘူး။ လက်ရှိရောင်းတာ အက္ခရာ ၂ လုံးတောင် မကုန်ဘူး။ အာဏာမသိမ်းခင်က ရောင်းတာ အလုံး ၄၀ ကို ရောင်းမလောက်ဘူး။ အခုအာဏာ သိမ်းပြီးတော့ ၂ လုံးတောင် အနိုင်နိုင်ရောင်း နေရတယ်။ အက္ခရာ ၂ လုံး၊ ၃ လုံးပဲ ၂ လုံးကျော်ပဲရောင်းရတယ်။ အခုခြောက်လအထိကို နှစ်လုံးကျော်ကျော်ပဲ ရောင်းရတယ်။ ပြီးခဲ့တဲ့ လကဆိုရင် ကိုဗစ်ဖြစ်တော့ နှစ်လုံးတောင် မပြည့်ဘူး ရောင်းရတာ။ ထီက ပြီးသွားပြီ လောလောဆယ် ဒီအတိုင်းပဲ သွားတော့မှာ”ဟု ဈေးကွက် အခြေအနေကို CNI သတင်းဌာနသို့ ပြောပြသည်။

အောင်ဘာလေထီသည် လက်ရှိ နိုင်ငံရေးအပြောင်းအလဲနှင့် ဆက်နွယ်သွားပြီး လက်ရှိတွင် အောင်ဘာလေထီ မထိုးဘူးဟု ဆိုကာ ထိုင်းထီပြောင်းလဲထိုးသည့် သူများပင် ရှိလာသည့် အတွက် ယခင်အနေထားဖြစ်သည့် အက္ခရာ အလုံး ၄၀ ရောင်းချရ သည့် ထီမှ အက္ခရာ အလုံး ၃ လုံး ပြည့်အောင်ပင် မရောင်းရသည့် အနေအထားရှိကာ ယခုအတိုင်းသွားမည့် ပုံစံသာ ဖြစ်နေကြောင်း ဈေးကွက်အခြေအနေကို ၎င်းက ရှင်းပြသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်လံလွှင့်ချီနွေဦးထီသည် အွန်လိုင်းမှ ထိုးရမည့် ထီဖြစ်ပြီး နကစ အစိုးရ၏ ထီသည် အောင်ဘာထီလက်မှတ်များကို ရောင်းချသည့် ပုံစံဖြစ်သောကြောင့် နည်းပညာကွာသွားပြီး ထီထိုးမည့် သူများက သူ့ပရိတ်သတ်နှင့် သူ့ပုံစံရှိလာမည့် သဘောရှိကြောင်း ထီလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

“တရားမဝင်ထီလို့ နိုင်ငံတော်က ကြေညာထားတာ ဆိုလဲ ဒါတွေကတော့ ထိုးတဲ့သူလည်း ရှိအုံးမှာပဲ။ ထီဆိုရင်လူတွေက တော်တော်များများ ထိုးကြတယ်။ နှစ်လုံးထီ၊ သုံးလုံးထီပဲ ဖြစ်ဖြစ်ပေါ့။ NUG ရဲ့ ထီကတော့ ခံစားချက်နဲ့ ထိုးမှာ ဒါကတော့ မတူဘူးပေါ့။ ဘယ်လောက်ပဲ အရေးယူမယ်ပြောပြော အွန်လိုင်းထီလို ဟာမျိုး ကျတော့ ထိုးတဲ့သူလည်း ထိုးနေမှာပဲ။ လက်ရှိ အနေအထားအရကတော့ အောင်ဘာလေထီ အနေအထားကတော့ မလွယ်သေးပါဘူး။ ကိုဗစ်ကြောင့် ဆိုင်တွေ မဖွင့်ရ ဘာမဖွင့်ရ ရှိတယ်။ ရှင်းရှင်းပြောရရင် လက်မှတ်ပြပြီး ထိုးတဲ့သူက တစ်ပိုင်း၊ ဟိုဟာကျတော့ နိုင်ငံရေးနဲ့ နည်းနည်း သွားဆန်နေလိမ့်မယ်။ အားပေးတဲ့အပေါ်မူတည်တယ်ပေါ့လေ”ဟု ထီလုပ်ငန်းရှင် ဦး၀င်းကို (အမည်လွှဲ) က ပြောကြားသည်။

ဈေးကွက်အနေဖြင့် သူ့လမ်းကြောင်းနှင့် သူသွားမည်ဖြစ်ပြီး NUG ၏ ထီကြောင့် အောင်ဘာထီအပေါ်တွင် ထိခိုက်မှုပြောရမည်ဆိုလျှင် ယခင်တည်းက ထိခိုက်မှုများက ရှိနေပြီးသား ဖြစ်ကြောင်း ထီလုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ NUG ၊ CRPH အဖွဲ့က ဖွင့်လှစ်မည့် ထီနှင့် ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူများနှင့် အားပေးအားမြှောက် ပြုလုပ်သူများကို စစ်ဆေးတွေ့ရှိပါက လောင်းကစား ဉပဒေ၊ ရာဇသတ်ကြီးဥပဒေအရ တရားစွဲဆို ဖမ်းဆီးထောင်ချသွားမည် ဖြစ်ကြောင်း နကစ၏ အမြဲတမ်းအတွင်းဝန်က ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ဖမ်းဆီးစစ်ဆေးနေစဉ် ကာလအတွင်း ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲအမှုများနှင့် ပတ်သက်ပြီးလည်း လုံးဝတာဝန်ယူ မည် မဟုတ်‌ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

NUG က ထီရောင်းချ ဖွင့်လှစ်နိုင်ရန် စီစဉ်နေတာဖြစ်ပြီး ထီလက်မှတ် ဝယ်ယူရေး နှင့် ဆုငွေပေးမည့် စနစ်တို့ကို အသေးစိတ်မသိရသေးသော်လည်း E-Lottery စနစ်နှင့် လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိ နစက က ဖွင့်လှစ်ရောင်းချနေသည့် အောင်ဘာလေထီ ထိုးသူနည်းသွားခြင်းကြောင့် အမြင့်ဆုံး ထီဆုငွေမှာ ယခင် ကျပ်သိန်း ၁၅၀၀၀ အထိပေးခဲ့သော်လည်း လက်ရှိတွင် အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ နှင့်သာ ဖွင့်လှစ်နေသည်။


#CNINews

#CNIMyanmar

#ChannelNewsIndepent

#Lottery

#NUG

#CRPH

#E-Lottery

#စီးပွားရေး

#အောင်ဘာလေထီ

#NUG