လက်ရှိအချိန်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံးဝ ရပ်ဆိုင်းနေပြီး အနည်းဆုံး နယ်စပ်ဂိတ်ပေါက် ရပ်ဆိုင်းခြင်းသည် ခြောက်လခန့် ကြာမြင့်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။

မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူများအသင်း ရန်ကုန်တာဝန်ခံ ကိုထင်လင်းကျော်က “အခုလောလောဆယ်တော့ ရန်ကုန်တိုင်းကတော့ မိုးဖရဲ တောင်သူတွေကို လုံးဝ မစိုက်ခိုင်းထားဘူး။ အခုက မန္တလေးတိုင်း၊ မကွေးတိုင်းတို့က လာတဲ့ ဖရဲကို ပြည်တွင်းဈေးကွက်အတွက်ပဲ ရန်ကုန်မှာ အားပြုပြီး ရောင်းခိုင်းနေတယ်။ ကျနော်တို့ကို ဆက်သွယ်မေးမြန်းတဲ့ တောင်သူတွေ အကုန်လုံးကို မိုးဖရဲကို မဖြစ်မနေစိုက်မယ်ဆိုရင် စိုက်ဧက လျှော့ခိုင်းထားတယ်။ အရင် ၁၀ ဧကလောက် စိုက်တဲ့သူကို သုံးချိုး တစ်ချိုး ပြည်တွင်းဈေးကွက်လောက်ပဲ စိုက်ဖို့ ပြောထားတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုံ-စွန့်ပစ်လိုက်ရသည့် ဖရဲသီးများ

တရုတ်နယ်စပ်ဂိတ်ပေါက် အခြေအနေများအရ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့ခြင်းက ကြာသွားနိုင်သည့် အခြေအနေရှိနေပြီး ပြည်တွင်းဈေးကွက်တွင်လည်း ဖရဲစိုက်ခင်းထဲရှိ ဝယ်ဈေးမှာ တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၄၀၀ ဝန်းကျင်အထိသာရှိသောကြောင့် စိုက်ပျိုးစရိတ်နှင့်တွက်လျှင် တောင်သူများ အရှုံးပေါ်နေသည့် ကာလဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်တွင်းဈေးကွက်တွင် အရှုံးပေါ်နေခြင်းမှာ မန္တလေးတိုင်းတွင် ဂျက်ဆီဖရဲမျိုး (ယိုးဒယားသီး) တစ်ဧက စိုက်ပျိုးလျှင် စိုက်စရိတ်မှာ ကျပ် ၅ သိန်းမှ ၈ သိန်းကြားရှိပြီး ပြန်လည်ရရှိခြင်းက တစ်ဧကလျှင် ကျပ် ၄ သိန်းနှင့် ၅ သိန်းခန့်သာ ရရှိသောကြောင့် အနည်းဆုံး ကျပ် ၃ သိန်းမှ ခေါက်ချိုးအထိ အရှုံးပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း နယ်စပ်ဂိတ်ပိတ်သောကြောင့် ၁၂ ဘီးယာဉ် ဖရဲသီးတင်ကား ၄ စီး မူဆယ်တွင် အလကားပေးခဲ့ရကြောင်း ဖရဲ၊ သခွား ကုန်သည်များ၏ အခက်အခဲကို ကိုထင်လင်းကျော်က ပြောပြသည်။

တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ သစ်သီးဝလံများ အဓိကထား တင်ပို့နေသည့် ကျင်စန်းကျော့ဂိတ်ကို ဇူလိုင်လဆန်းပိုင်းတွင် တရုတ်ဖက်မှ စတင်ပိတ်လိုက်ပြီး ကုန်သွယ်မှု ရပ်တန့်သွားခဲ့ရာ ယခု သြဂုတ်လ ၃ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု အစီအစဉ်အရ ရွှေလီမြို့ အုပ်ချုပ်ရေး တာဝန်ရှိသူများက အရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို နှစ်လကြာ ပိတ်ထားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မိုးဖရဲကို ဇူလိုင်၊ သြဂုတ်လအတွင်း စိုက်ပျိုး၍ ရက်ပေါင်း ၆၀ ကြာလျင် အသီးဆွတ်ခူးရပြီး စက်တင်ဘာလ ကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့ကာ  ဆောင်းဖရဲကို အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလ မှ ဧပြီလအထိ တင်ပို့လေ့ရှိသည်။

#ကိုထင်လင်းကျော်

#ဖရဲ

#ပြည်တွင်း

#စိုက်ပျိုးရေး

#စီးပွားရေး

#တရုတ်

#မြန်မာ

#နယ်စပ်

#CNImyanmar

#cninews

#ChannelNewsIndependent