CNI International News

အေသင်၊ဖေဖော်ဝါရီ ၁၈

ဂရိနိုင်ငံ၏ အသည်းနှလုံးဖြစ်သည့် ကျေးလက်စိုက်ပျိုးရေးဒေသများနှင့် လယ်ထွန်စက်များသည် စိုးရိမ်ပူပန်စရာ လက္ခဏာတစ်ရပ်ဖြစ်လာကြောင်း၊ ထွန်စက်များ ဂရိအဝေးပြေးလမ်းတလျှောက် ရက်သတ္တပတ်များစွာ ရပ်တန့် ထားရပြီး ယာဉ်ကြောပိတ်ဆို့ရန် ခြိမ်းခြောက်နေကြောင်း၊ လောင်စာဆီနှင့် ဓါတ်မြေဩဇာစသည့် စွမ်းအင် ဈေးနှုန်းများ တဟုန်ထိုးတက်နေ၍ လယ်သမားများအတွက် အပိုဆောင်းဘဏ္ဍာရေးထောက်ပံ့မှု အပူတပြင်း လိုအပ်လာနေကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဂရိနိုင်ငံတွင် ငွေကြေးဖောင်းပွမှုမှာ ၂၅ နှစ်အတွင်း အမြင့်မားဆုံးနှုန်းဖြစ်နေပြီး အခြေခံစားသောက်ကုန်များ အနေ ဖြင့် ဟင်းသီးဟင်းရွက်များ ယမန်နှစ်ထက် ၁၄ ရာခိုင်နှုန်း တက်လာခဲ့သည်။ သံလွင်ဆီက ၁၅ ရာခိုင်နှုန်း တက်ခဲ့ သလို အချို့အသားများမှာ ၁၇ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့သည်။

“ဓာတ်မြေဩဇာက မနှစ်ကဆို ၁ တန်ကို ယူရို ၅၀၀ (ဒေါ်လာ ၅၇၀) ပေးရတယ်။ အခုဆို မြေကွက်၊ ယာကွက် ဈေးနဲ့အပြိုင် တအားတက်နေပြီး ယူရို ၁၇၀၀ ကနေ ၁၈၀၀ ဖြစ်သွားပြီလေ” ဟု ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့် ဂရိနိုင်ငံအလယ်ပိုင်းမှ အသက် ၂၅ နှစ်အရွယ် လူငယ်လယ်သမား ဒီမီထရစ်ကာကာလစ်က ပြောကြား ခဲ့သည်။

စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အကျိုးသက်ရောက်မှုကြောင့် စပျစ်ခြံနှင့် မက်မွန်သီး စိုက်ပျိုးရေး လုပ်ငန်း၏ အစိတ်အပိုင်းများကိုလည်း ထိခိုက်စေခဲ့သည်။ လယ်ယာသုံးစက်ယန္တရားများနှင့် မီးစက်အတွက် လိုအပ်သော ဓာတ်ဆီ၊ ပေါင်းပင်ပိုးသတ်ဆေးတို့အတွက် စရိတ်ကလည်း မနည်းမနော ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒီဈေးတွေနဲ့ ကျနော်တို့တော့ မွဲမှာပဲဗျာ” ၎င်းက ငြီးငြူသည်။

စွမ်းအင်ဈေးနှုန်းများ တုန်လှုပ်ခြောက်ခြားစရာ တက်လာခြင်းသည် ဆယ်စုနှစ်များစွာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေခဲ့သည့် ဥရောပ၊ ကမ္ဘာတဝန်းရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုအသီးသီးတို့အပေါ် ဘဏ္ဍာရေး ပိုမိုဖိစီးအောင် တွန်းအားပေးနေသည်။

လယ်သမားများနှင့် စူပါမားကက်များသည် ၎င်းတို့၏ကုန်ကျစရိတ်များကို စားသုံးသူများထံ စုပြုံကျခံစေသည့် သဘောသဘာဝရှိသဖြင့် အသုံးစရိတ် အဆမတန်များပြားလာခြင်း၊ စားသောက်ကုန်ဈေးတက်လာခြင်းတို့ကို ဖြေရှင်းရန် နိုင်ငံတိုင်းလိုလို အကျပ်ရိုက်နေကြသည်။

စားသောက်ကုန်ဆိုင်ရာအခွန်ဖြတ်တောက်မှုပုံစံသစ်ကို အကောင်အထည်ဖော်ကြောင်း ခိုင်မာလာစေရန်အတွက် ကုန်စုံဆိုင်များကို စစ်ဆေးဖို့ တူရကီရဲတပ်ဖွဲ့ကို သမ္မတ အာဒိုဂန်က အမိန့်ပေးထားပြီး ချိုးဖောက်သူများကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်ဟု သတိပေးခဲ့သည်။

Source: AP