CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀

လူစီးမော်တော်ယာဉ်တင်သွင်းခွင့်အား ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေမှုများ လျော့ ကျလာနိုင်ပြီး ကားဈေးနှုန်းများတက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက CNI သတင်းဌာနသို့ ပြော သည်။

ကုန်သွယ်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ ၏ ပို့ကုန်တင်ပို့မှု လျော့ကျခြင်း အစရှိသည့်အကြောင်း ရင်းများကြောင့် ကုန်စည်များတင်သွင်းမှုနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံး ငွေကြေး အသုံးပြုမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး အောက်ပါ အစီအစဉ်များဖြင့် လူစီးမော်တော်ယာဉ် တင်သွင်းမှုများ အတွက် တင်သွင်းခွင့် ပါမစ်/လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်း လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

(က) လူတစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခြင်းနှင်စ့ ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခြင်း အစီအစဉ်၊ (ခ) မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ တင်သွင်းခြင်းအစီအစဉ်၊ (ဂ) ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူများအား သက်ဆိုင်ရာဌာနများ ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်းတစ်ဦးချင်း တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းအစီအစဉ် တို့ဖြစ်သည်။

လူစီးမော်တော်ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းခြင်းကြောင့် ဒေါ်လာဈေးမြင့်တက်နေမှုများ လျော့ကျလာနိုင်ကြောင်း၊ သို့သော် ပြည်တွင်း ကားဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ဒေါက်တာစိုးထွန်းက “ ဟုတ်တယ်၊ ကားတင်သွင်းခွင့် ပိတ်လိုက်တယ်ဆိုတာ။ အခုလို ပိတ်တာ Export အထွက် နည်း တော့ Inport ကိုလျှော့ချတဲ့ သဘောဖြစ်မယ်။ ကားတင်သွင်းခွင့်ကလည်း ဒေါ်လာနဲ့ဆိုတော့ အခုလိုပိတ်လိုက်တော့ ဒေါ်လာဈေးကတော့ အတိုင်းအတာတစ်ခုတော့ ကျသွားနိုင်တာတော့ မှန်ပါတယ်။ အခု လူစီးကား တင်သွင်းခွင့်ပိတ် လိုက်တော့ ကားဈေးကွက်ကတော့ တက်လာမှာပေါ့။ ပြီးခဲ့တဲ့ အပတ်ကတည်းက ကားတင်သွင်းခွင့်တွေ ပိတ်မယ်ဆိုပြီး စာထွက်လာတော့ ကားလိုက်ဝယ်ကြတယ်၊ တင်သွင်းခွင့်ပိတ်ရင် ကားဈေး တက်နိုင်တယ်ဆိုပြီး လိုက်ဝယ်ကြတာပေါ့။ အဝယ်ကတော့ ရှိနေတယ်”ဟု ပြောသည်။

လူစီးမော်တော်ယာဉ် တင်သွင်းခွင့် ယာယီရပ်ဆိုင်းခြင်းမှာ မည်သည့် ကာလအထိ မသိရခြင်းကြောင့် ကားအရောင်းစင် တာ ဖွင့်လှစ်သည့် လုပ်ငန်းများအတွက် ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာစိုးထွန်းက “ ကားရောင်းစင်တာတွေအတွက်တော့ အခက်အခဲရှိလာမယ်။ ကားအရောင်းစင်တာတွေက မြေနေရာငှားရတယ်၊ အဆောက်အဦး ဆောက်ရတယ်၊ ဝန်ထမ်း စရိတ်ရှိတယ်။ အဲဒီကုန်ကျစရိတ်တွေရှိတော့ ကားတင်သွင်းခွင့်က ဘယ်လောက်ထိ ပိတ်မှာလည်းဆိုတာတော့ သိရဖို့ လိုတာပေါ့။ မဟုတ်ရင် ကျနော်တို့က ဘာဆက်လုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ကျနော်တို့လည်း မေးတော့ မေးထားတယ် ဘာမှတော့ မပြောသေးဘူး။ ကားတင်သွင်းခွင့် ၆ လလောက်ထိ ပိတ်ရင်တော့ ကိစ္စမရှိသေးဘူး။ ၁ နှစ်လောက်ဆိုရင်တော့ ပြဿနာရှိတယ်”ဟု ပြောသည်။

ကုန်သွယ်ရေးဦးစီးဌာနက မော်တော်ယာဉ် အရောင်းစင်တာအသစ် ဖွင့်လှစ်ခွင့်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ချက်မှာ ပြောထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး ဒေါ်လာဈေး အဆမတန်မြင့်တက်နေသည်။ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၇၅၀ ကျပ်ဖြင့် ဖွင့်ပေးသော်လည်း ပြင်ပ ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၂၅၀၀ မှ ၃၀၀၀ ကြား ပေါက်ဈေးရှိနေသည်။