၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀
ယခုကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တွင် ရွှေပြတ်နေသဖြင့် ရွှေဆိုင် လေးဆိုင်မှ တစ်ဆိုင်လျှင် ၅ ပိဿာနှုန်းဖြင့် တစ်ရက်လျှင် ရွှေပိဿာချိန် ၂၀ ကို အသင်းရုံး၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ရွှေရောင်းချပေးမည့် အကယ်ဒမီ ရွှေဆိုင်များမှာ ရွှေစင်အကယ်ဒမီ၊ ဇွဲထက်၊အောင်သမာဓိနှင့် ဧရာစိုးနိုင်ကုမ္ပဏီ တို့မှ လာရောက် ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိတွင် ရွှေကုန်ကြမ်း ဝင်ရောက်မှု မရသောကြောင့် ယခုလို ရောင်းချခြင်း ဖြစ်ကြောင်း YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။
YGEA အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က "အသင်းမှာ ရွှေပြတ်နေတဲ့အတွက် ဆိုင်တွေကနေ တစ်ဆိုင်ကို ရွှေ ၅ ပိဿာနဲ့ ပိဿာချိန် ၂၀ လာရောင်းပေးမယ်ဗျ။ ကျနော်တို့ အသင်းက ရှိတဲ့ ရွှေလည်း ရောင်းပေးမယ်။ ဒီလိုအစီစဉ်ပါ" ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုဆုံးဖြတ်ချက်မှာ ရွှေဈေးတည်ငြိမ်ကျဆင်း စေနိုင်ရေးအတွက်ဖြစ်ပြီး ယင်းကို စက်တင်ဘာလ ၂၉ ရက်မှ စတင်ရောင်း ချခဲ့ပြီးနောက် မြန်မာ့ရွှေဈေးမှာ ကျပ် ၂ သိန်းခန့် ကျဆင်းခဲ့ကြောင်း အသင်းရုံး စာရင်းတွင် ဖော်ပြထားသည်။
YGEA အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က "ကျနော်တို့ ပြည်တွင်းဒေါ်လာဈေးလည်း ပြုတ်ကျသွားတယ်။ ကမ္ဘာ့ရွှေဈေးလည်း ကျ တယ်။ ကျနော်တို့ အသင်းကလည်း ဒီနေ့ စရောင်းပေးတာပေါ့လေ။ ဈေးက သူ့ဘာသာ ပြိုကျသွားတာပါ" ဟု တစ်ရက် အတွင်း ပြည်တွင်းရွှေဈေး ကျပ်နှစ်သိန်းကျော် ကျဆင်းခဲ့ခြင်းကို ပြောသည်။
ထို့နောက် ရာသီဥတုကောင်း၍ ရွှေတွင်းများ ပုံမှန်လည်ပတ်ပြီး ရွှေကုန်ကြမ်း ပြန်လည် ရရှိလျှင် ဈေးထပ်ကျနိုင်ကြောင်း ၎င်းက ပြောသည်။
စက်တင်ဘာ ၂၈ ရက်တွင် ရွှေစျေးမတည်ငြိမ်မှုကြောင့် တစ်ရက်တည်းတွင် ရွှေစျေးမှာ နံနက်ပိုင်း စျေးအဖွင့် အကယ်ဒမီ တစ်ကျပ်သားလျှင် ၂၀၅၀၀၀၀ ကျပ် ဖြစ်ခဲ့ပြီး ညနေ အပိတ်စျေးနှုန်းသည် ၂၂၁၃၀၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက်တွင် ရွှေလုပ်ငန်းရှင်အသင်းမှ အကယ်ဒမီ ရွှေစျေးနှုန်းအဖွင့်စျေး နောက်ကျခဲ့ကာ မွန်းလွဲပိုင်းမှသာ ၂၂၂၀၀၀၀ ကျပ်ဖြင့် စျေးဖွင့်ပေးခဲ့ပြီး ညနေပိုင်း၌ အကယ်ဒမီ တစ်ကျပ်သားလျှင် ကျပ် ၂၀၀၀၀၀၀ ဖြင့် စျေးနှုန်း ပိတ်သိမ်း ခဲ့ခြင်းကြောင့် တစ်ရက်တည်းမှာပဲ ရွှေစျေး ကျပ်နှစ်သိန်းကျော် ဈေးကျဆင်းသွားကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ရွှေဈေးတွင်လည်း အတက်မရှိဘဲ နှစ်ရက်အတွင်း တစ်အောင်စလျှင် ၁၁ ဒေါ်လာခန့် ကျဆင်းသွားပြီး ငွေလဲလှယ်နှုန်း စံချိန်တင် မြင့်တက်နေမှုကြောင့်သာ ပြည်တွင်းရွှေဈေးမှာ အတက်/အကျ ကြမ်းနေခြင်းဖြစ်ကြောင်း သိရသည်။