၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့ငရုတ်မှာ စက်တင်ဘာ ၂၈ ရက်နေ့ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေ သော်လည်း လက်ရှိတွင် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာ့ငရုတ်ဈေး ဝယ်လိုအား လှုပ်ခတ်လာြခင်း ဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ဆိုသည်။

ဒေါ်ဥမ္မာကျော်က “ထိုင်းမှာလည်း ရာသီဥတုတွေ ပျက်တယ်လေ။ ရေတွေ ဘာတွေကြီးဆိုတော့ ငရုတ်တွေ ဘာတွေ ဈေး နည်းနည်း တက်တယ်။ သူများနိုင်ငံ ရာသီဥတုမကောင်းရင် ကိုယ့်နိုင်ငံက ငရုတ်က ဈေးနည်းနည်း လှုပ်လာတဲ့ သဘောပဲ။ ငရုတ်ဈေးက အစတုန်းကတော့ ၇၀၀၊ ၈၀၀ (အရိုင်း) လောက်အထိ ဆင်းတယ်။ အခု ပြန်ပြီးတော့ တောထုတ် (အရိုင်း) ကိုတောင်မှ ၁၀၀၀ ကျော် ပြန်ဆင်းတယ်ဆိုတော့ ပြန်တက်လာတဲ့ သဘောရှိတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “တောထုတ်ဆိုတာ အရိုင်းပေါ့နော် အရိုင်းမှာတောင်မှ ပြန်ပြီးတော့ ဈေးကောင်းလာတဲ့ သဘောရှိ တယ်။ တစ်ခြင်းတောင်း (အမည်-၆၉၂ ငရုတ်)ကို ကိုးထောင် မနေ့ တနေ့ကပေါ့။ အခုသူတို့တွေ ဟိုဘက်က ၁၁၀၀၀ ပေး တယ် ဒီဘက်ကလည်း ၁၂၀၀၀ လိုချင်တယ်ပေါ့။ သူတို့ ဈေးနည်းနည်း တောင်းဆိုထားတာပေါ့။ ဘာလို့ဆို ဒီဘက်မှာ ကားခ တွေ တက်လာတာကိုး။ တကယ်လို့သာ ၁၂၀၀၀ ရမယ်ဆိုရင် ဈေးကောင်းပါတယ် မဆိုးဘူး” ဟု ပြောသည်။

ငရုတ်သီးများအား တောထဲမှ ခူးယူလာကာ သန့်စင်ကြကြောင်း၊ ထိုသို့ သန့်စင်ပြီးသည့်နောက်တွင် ခြင်းတောင်းထဲတွင် စက္ကူခံပြီး ငရုတ်သီးများထည့်ကာ အအေးခန်းကားဖြင့် ပို့ဆောင်ကြောင်း၊ ငရုတ်ခြင်း တစ်တောင်းတွင် ငရုတ် ငါးပိဿာ ရှိကြောင်း သိရသည်။

ယခင်က ထိုင်းနိုင်ငံသို့ ပို့သည့် မြန်မာ့ငရုတ်ဈေး ကျဆင်းခဲ့သော်လည်း ယခုအခါမှာတော့ ထိုင်းနိုင်ငံရှိ အလယ်ပိုင်း ဒေသ တွင် ရေကြီးရေလျှံမှုများဖြစ်ကာ ငရုတ်သီးမထွက်တော့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ယခုကဲ့သို့ ရှင်းပြသည်။

၎င်းက “အဲရက်ပိုင်းတုန်းက သူတို့လည်း ရေမကြီးသေးဘူး။ နွေရာသီ နည်းနည်းတုန်းက တရုတ်ပြည်ကနေရော၊ ဗီယက်နမ် ရော၊ ကမ္ဘောဒီးယားရော သူတို့သွင်းတယ်။ သူတို့သွင်းတော့ ငရုတ်က နည်းနည်း ဈေးမကောင်းဘူး။ နောက်ပိုင်းကျတော့ ဈေးကောင်းခါနီးမှာ သူတို့ ထိုင်းမှာလည်း အလယ်ပိုင်းကနေ ငရုတ်သီးတွေ ထွက်တဲ့အခါကျတော့ ဈေးကောင်းမရဘူး။ အခု သူတို့ထိုင်းဘက်မှာ ရေတွေကြီးတော့ ဒီဘက်က ငရုတ်သီးကို ယူလာတဲ့သဘောရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှာ ငွေလွှဲဝန်ဆောင်မှု ကောင်တာများ ပိတ်ထားသည့်အတွက် နှစ်နိုင်ငံကုန်သည်များသည် နားလည်မှု ဖြင့် ငွေကစားကြကာ ငွေပေးငွေယူအား မြဝတီနယ်စပ်တွင် လုပ်ကြကြောင်း သိရသည်။

မြန်မာ့ငရုတ်သီးများအား ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ထိုင်းနိုင်ငံမှတဆင့် မလေးရှား၊ တရုတ် စသည့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ငရုတ်သီးများအနက် သာမို ၁၁၊ ၆၉၂၊ ၇၇၇၊ စတားဟော့၊ ဂိုးလ်စတားနှင့် ဆန်ရှိုင်း စသည် ငရုတ်မျိုးများသည် ပြည်ပနိုင်ငံ များတွင် ဈေးကွက်ကောင်းမွန်လျက်ရှိပြီး ၆၉၂ အား ဝယ်လက်အများစု ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

ထိုငရုတ်သီးများသည် ယခင်က ပြည်ပနိုင်ငံသို့ တင်ပို့မှု အနည်းငယ်သာရှိခဲ့ပြီး ပြည်ပမှ ဝယ်လက်များ ကြိုက်နှစ်သက် ကြသည့်အတွက် ယခုနောက်ပိုင်းတွင် ပုံမှန်လုပ်ငန်းအနေဖြင့် စိုက်ပျိုးလာ၍ ပြည်ပသို့ တင်ပို့ ရောင်းချလာကြခြင်း ဖြစ် ကြောင်း သိရသည်။

ငရုတ်သီးကို မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြောင်း သိရသည်။