၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၉
မြန်မာနိုင်ငံတွင် ပြည်တွင်း စီးပွားရေး ကျဆင်းခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်း အပါအဝင် အခြေအနေ အမျိုးမျိုးတို့ကြောင့် အဝေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတချို့ရပ်တန့်နေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် ကုန်စည်ရှားပါးခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်နေခြင်း၊ စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ကားနှင့် ဆက် စပ်သည့် အပိုပစ္စည်း တင်သွင်းမှုများရှားခြင်း၊ ဈေးမြင့်ခြင်း အစရှိသည့် အခြေနေအရပ်ရပ်တို့ကြောင့် အဝေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဉီးကျင်သိန်းက ပြောသည်။
ဦးကျင်သိန်းက “ရာခိုင်နှုန်း ၂၀ ကနေ ၂၅ ရာခိုင်နှုန်းလောက်သာ ပုံမှန် သွားနေတယ်။ တချို့လည်း ရပ်လို့ရတဲ့ တစ်နိုင် တစ်ပိုင်လေးတွေပေါ့။ ၂ စီး၊ ၃ စီး သမားတွေက ရပ်လို့ ရတယ်ပေါ့။ ကား ၅ စီးနဲ့အထက် ပိုင်ရှင်တွေကတော့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး၊ ကုန်စည်ပို့ဆောင်ရေးမှာ မှီခိုနေတဲ့ လုပ်သားတွေရှိတယ်။ ဒီအတွက် လုပ်နေရတာတွေပဲ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အထက်ပါ အချက်များကြောင့် လုပ်ငန်းများ ရပ်နားမှုများ ရှိနေသလို လမ်းခရီးတွင်လည်း နိုင်ငံရေး အပြောင်းအလဲကြောင့် အချိန် သတ်မှတ်ကန့်သတ်ချက်များရှိသဖြင့် အသွား/အလာများ နှောင့်နှေးကြန့်ကြာခြင်းတို့ဖြစ်နေခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။
ဦးကျင်သိန်းက “အပြင်ပေါက်ဈေးနဲ့ ဆိုတော့ တချို့ လမ်းမသိတဲ့သူတွေကတော့ နားလိုက်တယ်။ ဘယ်လိုလဲဆိုတော့ အခုဆီဈေးက အပြင်မှာ ၁၄၂၅ ကျပ်လောက် ဖြစ်နေတော့ အဆင်မပြေဘူး။ အဲဒီတော့ တချို့လည်း ကားခက တစ်ကီလို ၁၃၀၀၊ ဆယ်ရက် တစ်ပတ်လောက်မှ တစ်ခေါက်ရပြီး ခြောက်သောင်း၊ ရှစ်သောင်းကျပ်လောက်ကျန်တယ်။ အခုက ကားနဲ့ ဆက်စပ်ပြီးတော့ အပိုပစ္စည်းတွေ တာယာတွေ ရှားလာတယ်။ ဒီဘက်က ကုန်သည်တွေကလည်း အလုပ်မကောင်းတော့ ကားခက တက်လို့မရဘူး။ အဲဒီတော့ တချို့လည်း လမ်းကြောင်းမသင့်တော့ ခဏနားထားတာဖြစ်တယ်” ဟု ပြောသည်။
ထို့နောက် နိုင်ငံတော်မှ ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် သက်သက်သာသာနှင့် ဝယ်ယူနိုင်သော စက်သုံးဆီဆိုင်များကို ဖွင့်ပေးနိုင်ပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအထူးဆိုင်များကိုလည်း ခဏတစ်ဖြုတ် ရောင်းချခြင်းမျိုး မဟုတ်ပဲ အမြဲတမ်းဖွင့်ပေးနိုင်လျှင် ပိုကောင်းလာမည်ဟုထင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အဝေးပြေး ကုန်ကားပြေးဆွဲမှုများ အနေနှင့် မဖြစ်မနေ ရောင်းချရမည့် ကုန်စည်များဖြစ်သော မီးဖိုချောင်သုံး ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ အခြေခံ စားကုန်များကို ပြေးဆွဲပေးနေရပြီး ကုန်ကားခ အကျိုး အမြတ်ထက် ကုန်စည်စီးဆင်းမှုကိုသာကို ရည်ရွယ်၍ ပြေးဆွဲနေရကြောင်း ဉီးကျင်သိန်းက ဆိုသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာဈေး မြင့်တက်နေခြင်းတို့ကြောင့်လည်း စီးပွားရေးလုပ်ငန်း အကြီးမှအသေးအထိ ထိခိုက်မှုများ ရှိနေသလို ခေါင်းရွတ်ဖျတ်ထိုး ဈေးသည်များအထိ စားသုံးကုန်ပစ္စည်းများ တက်လာသဖြင့် ထိခိုက်မှုများ ကြီးမားနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီအချိန်က ကျနော်တို့ ကုန်စည်စီးဆင်းမှု အေးစက်နေတဲ့ ရာသီက ကျော်တော့မှာ ရှေ့လ သီတင်း ကျွတ်ဆိုရင် အလုပ်တွေက ကောင်းတော့မှာ။ အခုက ကုန်စည်စီးဆင်းမှုလည်း မကောင်းဘူး။ အလုပ်တွေလည်း မကောင်း ဘူး။ ဒီဘက်မှာလည်း ပုံမှန်ကုမ္ပဏီတွေနဲ့ စာချုပ်ရှိတော့ မဖြစ်မနေ ဆင်းနေရတယ်။ မကိုက်ပဲနဲ့ ဘာလို့ သွားလည်း ဆိုတာ တော့ မေးစရာရှိပေမယ့် ဒေသထွက်ကုန်တွေက သူ့နေရာနဲ့သူ ရောက်ဖို့ အရေးကြီးတော့ ပုံမှန် စီးဆင်းနေရတယ်” ဟု ပြောသည်။
ထို့ပြင် လက်ရှိတွင် လုပ်ငန်းသုံးအတွက် ကုန်ကားများကို ဘဏ်အရစ်ကျစနစ်နှင့် ဝယ်ယူထားသည်များကလည်း လုပ်ငန်း လည်ပတ်မှုများ နည်းပါးနေသောကြောင့် မဖြစ်မနေ ငွေသွင်းရမည်များကို အိတ်စိုက်ပုံစံမျိုးနှင့် ပေးနေရသည့်အတွက်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။