၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၃
မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများတွင် ကိုဗစ်-၁၉ ရောဂါပိုး ပါဝင်မှုမရှိစေရေးအတွက် ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်ရမှသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၏ တောင်းဆိုချက်အရ မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများတွင် ကိုဗစ်ရောဂါပိုး ရှိ၊မရှိ ပိုမိုတိကျစေရန် RT-PCR စက်ဖြင့် စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က “သူတို့ဆီကို ဝင်လာသမျှကုန်သည် အဓိကကတော့ ရေထွက် ကုန်ပေါ့နော်။ ရေထွက်ကုန်ကို ကိုဗစ် Rapid Test Kit နဲ့တောင် မဟုတ်ဘဲနဲ့ RT-PCR နဲ့ပေါ့နော် အဲ့လိုစစ်ပေးရမယ်လို့ ငါးဦးစီးနဲ့ သူတို့ဆွေးနွေးတဲ့အချိန်မှာ အဲ့လိုပြောပါတယ်။ သူတို့ကလည်း ကိုဗစ်ကို မပါစေချင်လို့ပေါ့။ သူတို့တိုင်းပြည်ကို ကိုဗစ် Free ပေါ့ အဲ့လိုဖြစ်စေချင်လို့ သူတို့လုပ်တာပါ။ ဒါကိုယ့်နိုင်ငံ တစ်ခုတည်း မဟုတ်ဘူးပေါ့နော်” ဟု ဆိုသည်။
ရေထွက်ကုန် အေးခဲပစ္စည်းများတွင် ကိုဗစ်ရောဂါပိုး ပါဝင်သည်များ ရှိခဲ့သည့်အတွက် တရုတ်ဘက်မှ ယခုကဲ့သို့ အာဆီယံ နိုင်ငံများအား တောင်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။
မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများအား ကိုဗစ် ရောဂါရှိ၊ မရှိစစ်ဆေးခြင်းအား အအေးခန်းအများဆုံးရှိသည့် ရန်ကုန်တွင် လုပ်ဆောင်မှာြဖစ်ပြီး စစ်ဆေးမှုလုပ်ဆောင်မည့်နေရာကို မသတ်မှတ်ရသေးသော်လည်း ငါးလုပ်ငန်းဦးစီးဌာနတွင်သာ လုပ်မည့် အနေထားဖြစ်ကြောင်း သိရသည်။
ပုံ-ရေထွက်ကုန်ပုဇွန်များကိုတွေ့ရစဉ်။
ဒေါ်တိုးနန္ဒာတင်က “ဒါတွေက လုပ်ကိုလုပ်မှရတော့မှာ ဘာလို့ဆို ဒီ regulation တွေက ဒီကိုဗစ် ပြီးတဲ့အခါကျရင် ဒီ regulation တွေက လိုအပ်လာပြီပေါ့နော်။ သူတို့ကလည်း မလိုအပ်ပဲ တောင်းတာမဟုတ်ပဲနဲ့ လိုအပ်လို့တောင်းတဲ့ အနေ အထားဖြစ်တဲ့ အတွက်ကြောင့် ကျမတို့လည်း နားလည်ပေးရမှာပေါ့နော်။ ဒီ product ကိုတော့ ဆရာမတို့ ပုဂ္ဂလိကအနေနဲ့ RT-PCR တစ်လုံးဝယ်ပြီးတော့ စစ်ဖို့စဉ်းစားသလို လူကိုစစ်ဖို့ကျတော့ နိုင်ငံတော်ကို လူကိုတော့ စစ်ပေးပါလို့ ကျမတို့ တောင်းဆိုဖို့တော့ လုပ်ထားပါတယ်” ဟု ပြောသည်။
ပြည်ပသို့တင်ပို့သည့် မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများထဲတွင် ပင်လယ်ငါးကို အဓိက တင်ပို့ကြောင်း သိရသည်။
ပြည်ပသို့တင်ပို့မည့် မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများတွင် ကိုဗစ်ရောဂါပိုး ပါဝင်မှုမရှိစေရန် ငါးတင် ငါးချ ဆိပ်ကမ်း များ၊ စက်ရုံများရှိ အလုပ်သမားများနှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများအား ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများ ပြည်ပနိုင်ငံများသို့တင်ပို့မှု အခြေအနေမှာ အကျဘက်တွင် မရှိကြောင်း၊ လက်ရှိ မြန်မာ့ရေထွက်(သားငါး)များကို နိုင်ငံ ပေါင်း ၄၅ နိုင်ငံသို၌ နှစ်စဉ် တင်ပို့လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ပထမပတ်အထိ ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ ကျော် ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အေးခဲအသားနှင့် ငါးများကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် Action Plan များ ရေးဆွဲနေပြီး လက်ရှိ ဖြစ်ပေါ်နေမှုနှင့် ရှေ့အလားအလာများကို သုံးသပ်ပြီး National Export Strategy ကိုပါ ဦးစားပေး လုပ်ငန်းစဉ်များ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သလို အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်း ကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် များ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။