၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၄
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်အား ယခုအောက်တိုဘာတွင် ပြန်လည်ဖွင့်လှစ်ရန် ရှိ၊ မရှိ တရုတ်ဘက်မှ တစ်စုံတစ်ရာ အကြောင်းကြား တုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ထိုသို့ တရုတ်ဘက်မှ တစ်စုံတစ်ရာ အကြောင်းကြား တုံ့ပြန်ခြင်းမျိုး မရှိသေးသော်လည်း မြန်မာဘက်မှ ကုန်သည်များနှင့် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများကမူ အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဟု မျှော်လင့်နေကြသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ကျနော်တို့ကတော့ ပြန်ဖွင့်မယ်လို့မျှော်လင့်တယ်။ ဒါကလည်း ကျနော်တို့က မျှော်လင့်တာနော်။ သူတို့က ခင်ဗျားတို့ကို ဘယ်နေ့မှာဖွင့်ပေးမယ်။ အောက်တိုဘာ ဘယ်နှရက်နေ့မှာ ဖွင့်ပေး မယ်။ အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းမှာ ဖွင့်ပေးမယ်။ အဲ့လိုမကြေညာဘူး။ တရားဝင်လည်း စာမထွက်ထားဘူး။ ကျနော် တို့ကိုလည်း ဘာမှအကြောင်းမကြားလာဘူး။ ကျနော်တို့ရဲ့တာဝန်ရှိသူတွေ သက်ဆိုင်ရာလူကြီးမင်းတွေကိုလည်း ဘာမှ မပြော ဆိုထားဘူး”ဟု ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ကူမင်းမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ တရုတ်သမ္မတ ကိုယ်တိုင် တက် ရောက်မည့် နိုင်ငံတကာအစည်းအဝေး ကျင်းပရန်ရှိသည့်အတွက် ထိုအစည်းအဝေးပြီးနောက်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်အား ပြန်ဖွင့်ခွင့်ရမည်ဟု ကုန်သည်များက ခန့်မှန်းထားကြခြင်း ဖြစ်သည်။
ယခင်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း တည်ဆောက်နေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၁၀၀၀ အထိ ထားနိုင်သော ကိုဗစ်ပိုးတွေ့လူနာ ကုသရေးစင်တာ ပြီးစီးမည့် စက်တင်ဘာ ၁၅ ရက်တွင် နယ်စပ်ကုန်သွယ်ရေးဇုန်အား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိခဲ့သော်လည်း ယခုချိန်ထိ မဖွင့်လှစ်သေးပေ။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း တည်ဆောက်နေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၁၀၀၀ အထိ ထားနိုင်သော ပိုးတွေ့လူနာကုသရေးစင်တာမှာပြီးစီးသွားသည့်အတွက် အောက်တိုဘာ ၁ ရက်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့သေးသည်။
ပုံ-မြန်မာ-တရုတ် နယ်စပ်ဂိတ်ကိုတွေ့ရစဉ်(MOC)
သို့သော် လက်ရှိအချိန်ထိ နယ်စပ်ဂိတ် ပြန်လည် မဖွင့်လှစ်သေးသည့်အတွက် ကုန်သည်များ အပါအဝင် online shopping သမားများပါ အခက်ကြုံနေရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “လောလောဆယ် ကျနော်တို့ ဆန်တွေ၊ဆန်ကွဲတွေ၊ ပဲတီစိမ်းတွေ ၁၀၅ မိုင် ဂိုဒေါင်၊ ကျင်စန်းကျော့ဂိုဒေါင်၊ မူဆယ်ဂိုဒေါင်မှာ တခြားကုန်ပစ္စည်းတွေအပါ တွက်မယ်ဆိုရင် တွဲကားအစီးရေ ၁၀၀၀ လောက်ရှိမယ်။ ဂိုဒေါင်ထဲမှာ ချထားရတာ။ ဘယ်လောက်နစ်နာသလဲ လပေါင်းများစွာနစ်နာပြီ။ ကျနော်တို့ ကုန်သည် တွေ အနေနဲ့လည်း နယ်စပ်ကုန်သွယ်ရေးက လုံးဝရပ်တန့်သွားတာ။ နောက်တစ်ခါ နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေ ဒေါ်လာ သန်းနဲ့ချီပြီးတော့ နစ်နာဆုံးရှုံးတယ်။ အထူးသဖြင့် အဆိုးထဲက အဆိုးဆုံးကတော့ ကျနော်တို့ကုန်သည်တွေကို မှီပြီး လုပ်ကိုင် စားသောက်နေရတဲ့ ကုန်ထမ်းတဲ့ အလုပ်သမားတွေဆိုရင် ပိုပြီးတော့ ဆိုးဆိုးရွားရွားထိနေပြီ။ အရင်က ကုန်ထမ်းတဲ့ အလုပ် သမားတွေက မူဆယ်မြို့မှာ ၈၀၀၀ လောက်ရှိတယ်။ အခုဆို ပြန်သွားတာ ဘာညာနဲ့ သုံး/လေးထောင် ကျန်သေးတယ်။ အားလုံး ခြုံပြောရမယ်ဆိုရင်တော့ ဒီနယ်စပ်ကုန်သွယ်ရေး ဒီကျင်စန်းကျော့ဂိတ်သာ မဖွင့်လှစ်ဘူးဆိုရင်တော့ ဆိုးကျိုးနဲ့ ကောင်းကျိုး ဆိုးကျိုးဘက်က ပိုပြီးတော့ များသွားမယ်” ဟု ဆိုသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်အာဏာပိုင်များမှ ပိတ်ထားခဲ့ရာ လက်ရှိတွင် သုံးလနီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်။
အောက်တိုဘာလကုန်အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက နည်းလမ်းတစ်မျိုးတစ်ဖုံ စဉ်းစားရတော့မည်ဖြစ်ကြောင်း ဦးမင်းသိန်းက ဆိုသည်။
သို့သော် မြန်မာဘက်မှ ကုန်ကားများသည် တရုတ်ဘက်သို့ လုံးဝ ဝင်ခွင့်မရသော်လည်း တရုတ်ဘက်ကမူ ကိုဗစ်နှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ အပါအဝင် အသီးအနှံများအား မြန်မာဘက်သို့ ပို့ဆောင်လျက်ရှိသည်။