၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ထိဆက်နေသော နယ်စပ်မြို့ဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့တွင် ကိုဗစ်ကန့်သတ်ချက်ကြောင့် ၆ လကျော်ကြာပိတ်မိနေသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ပြန်သယ်ခွင့် ပေးမည်ဟု ယူနန်အစိုးရမှ ကြေညာခဲ့ကြောင်း သိရသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက “မြန်မာနိုင်ငံသားတွေပိုင်တဲ့ ကုန်ပစ္စည်းမျိုးစုံက တွဲကား ၇၀၀ စာလောက်ပိတ်မိနေတယ်။ ဒီလို ပိတ်မိနေတော့ ၇၀၀ စာကို လကလည်း ၆ လ လောက်ရှိသွားပြီဆိုတော့ အန်ကယ်တို့ကနေပြီး နှစ်ဖက်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတော့ သူတို့က ရတယ်တဲ့၊ ဒါတွေကိုတော့ ကျယ်ဂေါင်မှာပိတ်မိနေတဲ့ ကားအစီး ၇၀၀ စာ ကုန်မျိုးစုံကိုပေါ့ ထွက်ခွင့်ပေးမယ်တဲ့။ ဒါကြောင့် ဗမာပြည်ကနေ ပြီး တွဲကားတွေက ခါလီလာရမယ်။ လာပြီးလို့ရှိရင် ကုန်ပစ္စည်းတွေတင်ရမယ်။ တင်ပြီးရင် မူဆယ်ဘက်ကို ပြန်မောင်း။ ဒီ ခါလီကား အစီး ၇၀၀ လောက်ကုန်သွားရင်တော့ သူတို့က ပြန်ပိတ်မယ်။ အဝင်အထွက်ကိုက အရင်အတိုင်းပဲ။ ဆက်လက် ရပ်စဲမြဲ ရပ်စဲပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကျယ်ဂေါင်မြို့တွင် ကုန်ကားအစီးပေါင်း ၇၀၀ ကျော်ခန့်သည် ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ပိတ်မိနေခြင်းဖြစ်ပြီး ထိုကုန်များအား မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်မှ မြန်မာဘက်သို့ ပြန်သယ်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

သို့သော် သယ်ယူခွင့်အား ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း အောက်တိုဘာလအတွင်းမှာပင် ဖြစ်နိုင်ကြောင်း သိရသည်။

သက်ဆိုင်ရာ ကုန်သည်များနှင့်လုပ်ငန်းရှင်များအနေဖြင့် ယခုရက်ပိုင်းအတွင်း အောက်ခြေအဆင့် ဆောင်ရွက် ရမည့် ကိစ္စရပ်များအား ကြိုတင်ညှိနှိုင်းထားကြ ရန် မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း အလုပ် အမှုဆောင်အဖွဲ့က တိုက်တွန်းထားသည်။

ထိုသို့ ပိတ်မိနေသည့်ကုန်များမှာ ဆောက်လုပ်ရေးပစ္စည်း၊ စက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် အခြားကုန်မျိုးစုံတို့ဖြစ်သည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက “တော်သေးတာပေါ့။ ဦးတို့ပိတ်မိနေတော့ အရင်းတွေက မြုပ်နေတယ် အဲဒီထဲမှာ။ အရောင်းအဝယ်လုပ်လို့လည်း မရတော့ဘူး။ အခုလိုပြန်ထွက်ခွင့်ပြုမယ်ဆိုတော့ ပစ္စည်းတွေက ကြာရင် ပျက်စီးမှာကြောက်ရတယ်လေ။ အဲဒီတော့ အခုလိုအချိန်မီ အခါမီထုတ်ပေးတော့ ဗမာပြည်ထဲ သယ်ပြီး ပြန်ပြီး ရောင်းဝယ်လို့ရတာပေါ့။ ငွေဖော်လို့ရတာပေါ့ မဟုတ်ဘူးလား” ဟု ဆိုသည်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်အား ယခုအောက်တိုဘာတွင် ပြန်လည်ဖွင့်လှစ်ရန် ရှိ၊ မရှိ တရုတ်ဘက်မှ တစ်စုံတစ်ရာ အကြောင်းကြား တုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

သို့သော် မြန်မာဘက်မှ ကုန်သည်များနှင့် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများကမူ အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဟု မျှော်လင့်နေကြသည်။